Sunday, June 29, 2014

ကလေးခရိုင်တွင် ဓမ္မစကူးလ်သင်ကြားရေး ဆရာမများ လိုအပ်မှုအခက်အခဲအား ကလေးမြို့ မဘသ မှ စီမံမည်

ဇွန်(၃၀)၊ကလေး။ ကလေးခရိုင်အတွင်းရှိ ဓမ္မစကူးလ် ကျောင်းများ ယခင် ပညာသင်နှစ်ထက် များပြားစွာ ဖွင့်လှစ်လာနိုင်မှုနှင့်အတူ သင်ကြားရေးဘက်တွင် ဆရာ/မ အင်အား လိုအပ်ချက်များ နဲ့ ကြုံတွေလာနေပြီဖြစ်ကြောင်း သင်တန်းနည်းပြဆရာတစ်ဦးဖြစ်သူ ကိုအောင်မြင့်ထွန်းမှ ပြောသည်။ ၂၀၁၃-၁၄ ပညာသင်နှစ်က စပြီး ပထမတန်း ဒုတိယတန်း တတိယတန်း အတန်းသုံးတန်းအား စတင်သင်ကြားခဲ့ပြီး သင်ကြားဌာန (၉၂) ဌာနအား ကလေးခရိုင် အနေဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကလေးခရိုင် ဓမ္မစကူးလ် ဆရာဖြစ်ဆင့်ပွားသင်တန်းဆရာ ကိုအောင်မြင့်ထွန်းမှ “ကလေးမြို့ ဓမ္မစကူးလ်သင်တန်းတွေက မနှစ်ကထက် တစ်ဆနီးပါး တိုးဖွင့်လာနိုင်ခဲ့တယ်။ နောက်ပြီး ဒီနှစ်မှာလည်း အရင်နှစ်ကထက် (၄/၅) တန်း အတန်း (၂) တန်း ထပ်တိုးလာတာတော့ အရင်နှစ်က သုံးတန်းထဲ သင်ရတဲ့ ဆရာမအင်အားနဲ့ မလောက်ချင်တော့ဘူး။ ဒါ့ကြောင့် ကျောင်းတိုးခြင်း အတန်းတိုးခြင်းအတွက် ဆရာမ အင်အား အရမ်းလိုအပ်လာပါတယ်” လို့ ပြောသည်။ ၂၀၁၄ ပညာသင်နှစ်တွင် ထပ်တိုးလာသည့် ဓမ္မစကူးလ် လေးတန်း ငါးတန်း သင်ကြားရေးနှင့် ပတ်သက်ပြီး ဓမ္မစကူးလ်ရုံး(ကလေး) တာဝန်ခံ ဆရာတော် ဦးရေ၀တမှလည်း “ ထပ်တိုးလာတဲ့ လေးတန်း ငါးတန်း တွေအတွက် က သင်ကြားရေးမှာ အခက်အခဲမရှိပါဘူး။ ဆရာတွေကို ပြန်ပြီးလည်း သင်တန်းပေးစရာမလိုပါဘူး။ ဘာလို့လည်း ဆိုတော့ လေးငါးတန်းတွေကို သင်ဖို့ သင်ရိုးက တစ်တန်း ၊နှစ်တန်း ၊သုံးတန်းတွေရဲ့ သင်ရိုးနဲ့ အတူတူပါပဲ။ အခု သင်တန်းတက်ထားတဲ့ ဆရာမတွေ လေးငါး သင်နေချိန်မှာ အကူဆရာမတွေက တစ်နှစ်သုံး ကို ကြည့်ပေးကြရင် သွားမှာ ဖြစ်ပါတယ်” လို့ မိန့်သည်။ ဓမ္မစကူးလ်ဆရာ လိုအပ်မှု ပြဿနာအား ဖြေရှင်းနိုင်ရန် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အဖွဲ့(ကလေး) မှ ဆရာဖြစ် ဆင့်ပွားသင်တန်း တစ်သုတ်လျှင် ဆရာဦးရေ(၆၀) ထိ တက်ရောက်နိုင်မည့် ဆင့်ပွားကြီး သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်နေပြီး အဆိုပါ သင်တန်းအနေဖြင့် သင်တန်း တစ်သုတ်လျှင် (၇) ရက်ခန့် ကြာမြင့်မည်ဖြစ်ကာ သင်တန်းဆရာ (၆) ဦးခန့်ဖြင့် ဆင့်ပွားသင်တန်း ပေးရမည်ဖြစ်ကြောင်း သိရပြီး ယခင်က ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်းများအား သင်တန်းတစ်သုတ်လျှင် (၄၅) ဦးအား သင်တန်းဆရာ (၃) ဦးဖြင့် ဆင့်ပွားသင်တန်းပေးခဲ့ပြီး သင်တန်းတစ်သုတ်လျှင် (၆) ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။ ၂၀၁၃တွင် ဓမ္မစကူးကျောင်းပေါင်း (၉၂) ကျောင်းသာရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ကလေးခရိုင် ထပ်တိုး ဖွင့်လှစ်လာနိုင်သည့် ဓမ္မစကူးကျောင်းပေါင်း (၁၃၅) ဌာနအထိ ရှိလာပြီဖြစ်ကာ ဓမ္မစကူးလ် ပညာသင်ကြားရေးနှင့် ပတ်သက်ပြီး ယခင်နှစ်တွင် အတန်းသုံးတန်းသာ သင်ကြားခဲ့သော်လည်း ယခုနှစ်တွင် သင်ကြားရန် လေးတန်း ငါးတန်း (၂) တန်းထပ်တိုးသင်ကြားရန် ဓမ္မစကူးလ်ဌာန (ကလေး) ရုံးသို့ ဆရာကိုင်နှင့် ကျောင်းသားကိုင် လေးတန်း ငါးတန်း သင်ရိုး စာအုပ်များ ရောက်ရှိလာပြီဖြစ်သည်။ ချစ်သူမောင်

No comments:

Post a Comment