Sunday, June 22, 2014
ရာဇဂြိုဟ်ဆည်ရေသောက်စနစ် တူးမြောင်းမကြီး ဖောက်လုပ်မှု ပြီးဆုံးတော့မည်
ဇွန်(၁၁)၊ကလေး။
ရာဇဂြိုဟ်ဆည်ရေသောက်စနစ်တည်ဆောက်ခြင်း (ပင်မတူးမြောင်းကြီး) ဖောက်လုပ်မှု လုပ်ငန်းစဉ်များ ယခုနှစ် ဇွန်လ အတွင်း ပြီးဆုံးမှု အခြေအနေထိ ရောက်နေပြီဖြစ်ကြောင်း သိရသည်။
တူးမြောင်းမကြီး တူးဖော် ပြီးစီး၍ ရေပေးဝေနေနိုင်ပါက ကလေးမြို့ မြောက်ပိုင်းဒေသ လယ်မြေဧကပေါင်း (၈၅၀၀) အထိ ရေပေးဝေနိုင်မည်ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူ AE ဦးသိန်းစိုး မှ “ ကျွန်တော်တို့ ဆည်ရေသောက်စနစ် တူးမြောင်းမကြီးကို ရာဇဂြိုဟ်ဆည်ကနေ ဒီဘက် စုံလာမြိုင်ရွာနားအထိ တူးနေတာဟာ အခု ဇွန်လ အစပိုင်းမှာကို ပေပေါင်း (၁၀၀၀၀) ကျော်လောက်ပဲ ကျန်ပါတော့တယ်။ ပြီးတော့မှာပါ။ အခက်အခဲသိပ်မရှိပါဘူး” လို့ပြောသည်။
တူးမြောင်းဖောက်လုပ်မှုတွင် လက်တံ မြောင်းငယ် (၅) ခုဖြင့် ရေခွဲဝေပေးမည်ဖြစ်ပြီး ရာဇဂြိုဟ်ဆည် မပြီးခင် ကာလအတွင်း တောင်သူများ စိုက်ပျိုးရေ အဆင်ပြေစေရေးအတွက် လက်တံမြောင်း (၁) နှင့် (၃) မှ စိုက်ပျိုးမြေဧက (၂၄၀၀) ဧကခန့် အား ၂၀၁၃ ခုနှစ် မိုးစပါးရာသီကတည်းက ရေပေးဝေခဲ့ကြောင်း သိရသည်။
ဆည်ရေသောက်စနစ် ပင်မတူးမြောင်းကြီးအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စတင်တူးဖော်ခဲ့ကာ ပေပေါင်း (၆၇၁၀၀) ပေ အရှည် တူးဖော်မှု ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၄ ဇွန်လဆန်းပိုင်းတွင် တူးဖော် ပြီးစီးမှု အနေဖြင့် ပေပေါင်း (၅၇၀၀၀) ပေ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြောင်းလက်တံခွဲ မြောင်းငယ် (၁)နှင့် မြောင်းငယ်(၃) မှ ရေပေးဝေမှုအား ရာဇဂြိုဟ်ဆည်မှ ပေးဝေခြင်း မဟုတ်ပဲ အနီးရှိ မှန်လုံချောင်းနှင့် နေရဉ္စရာချောင်းများမှ ယာယီ ရေသွယ်ပေးနေကြောင်းလည်း သိရသည်။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment