Tuesday, May 6, 2014

ပြည်သူနှင့် စာရင်းကောက်များ၏ နားမလည်မှုများကြောင့် သန်းခေါင်စာရင်းကောက်ယူခြင်းတွင် အဆင်မပြေမှုများနှင့် ကြုံ

မေ(၂)၊ရန်ကုန်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် အဆင်မပြေမှုများစွာ ကြုံခဲ့ရခြင်းမှာ အစိုးရဌာနတင် မဟုတ်ပဲ ပြည်သူနှင့် စာရင်းကောက်သူများ၏ နားမလည်မှုများပါဝင်မှုကြောင့်လည်း ဖြစ်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်မှ ပြောသည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်များနှင့် တိုင်းရင်းသားများအနေဖြင့် ရှမ်းနီလူမျိုးကုဒ်မရှိခြင်းအတွက် (၉၁၄) တွင် ထည့်ရန် ညွန်ပြမှုများ ၊ ကုဒ်(၈၂၈) တွင် ထည့်ရန် ပြောဆိုမှုများ ရှိခဲ့ပြီး (၉၁၄) ကုဒ်တွင် ထည့်ပါက အချို့ ပြည်သူများအနေဖြင့် ရိုဟင်ဂျာဟု မိမိကိုယ်မိမိ အမည်ပေးသူများ၏ ကုဒ်ဟု ထင်မှတ်ကြပြီး အဆိုပါ (၉၁၄) အခြားကုဒ်တွင် မထည့်ပဲ (၈၂၈) တွင်သာ ထည့်ဝင်ခဲ့မှုများ ရှိနေကြောင်း သိရသည်။ ဦးစိုင်းဌေးအောင် မှ “ကျွန်တော်တို့ဆီမှာ ရုပ်ရှင်သရုပ်ဆောင်တွေလာပြီး ပညာပေးတော့ ပြည်သူတွေအနေနဲ့ အဲဒီသရုပ်ဆောင်ပဲ သိတယ်။ ကျန်တာဘာမှ မသိကြဘူး။ အဲလိုပဲ ဆရာမတွေ အနေနဲ့ကလည်း ရှမ်းနီလို့ ကျွန်တော်တို့ တိုင်းရင်းသားတွေက ပြောရင် စာရင်းကောက်တွေက ရှမ်းနီ ကုဒ်မရှိဘူး။ တိုင်းလိုင် ကုဒ်မှာပဲ ထည့်လိုက် အဲသလို တွေပြောတော့ မသိပဲတိုင်းရင်းသာတွေက ထည့်ကြတယ်။ ဒါဆိုတော့ လူမျိုးလည်း ပျောက်တယ်ပေါ’’ လို့ သန်းခေါင်စာရင်းကောက်ယူရာတွင် ကြုံခဲ့သည့် အဆင်မပြေမှုများကို ပြောသည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် လူထု အသိပညာ အားနည်းခြင်းနှင့် စာရင်းကောက်များ၏ လိုအပ်ချက်များရှိနေခဲ့မှုများကြောင့် လူဦးရေစာရင်းအနေဖြင့် မှန်ကန်မှုများ လူမျိုးစုအနေဖြင့် စာရင်းမှန်ကန်မှုများ မရှိနိုင်ကြောင်း ၄င်းတို့ ရှမ်းနီ လူမျိုးများအနေဖြင့် လူမျိုးစာရင်းထည့်နိုင်ရေး (၃) နှစ်ခန့်အချိန်ယူ ကြိုးစား လုပ်ကိုင်ခဲ့သော်လည်း (၅၀ ရာခိုင်နှုန်း) ခန့်သာ အောင်မြင်ခဲ့ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ အစိုးရ သန်းခေါင်စာရင်းဌာန အနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီ့း  သန်းခေါင်စာရင်းကောက်ခံ၇န်အတွက် ပညာရေးဝန်ထမ်းများအား (၆) ရက် သင်တန်းပေးထားပြီး ပြည်သူများသို့ အသိပညာဖြန့်ဝေရေးအတွက် လက်ကမ်းစာစောင်များ၊ အနုပညာရှင်များ ပါဝင်တဲ့ ပညာပေးလှုံ့ဆော်ရေးများ ပြုလုပ်ခဲ့သည်။ ချစ်သူမောင်