Thursday, April 10, 2014

ချင်းလူမျိုးဆိုတာ မရှိ ချင်းပြည်နယ်သာရှိဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးမှ ဆို

ဧပြီ ၃။ရန်ကုန်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးဖြစ်သူ ဦးဂင်ကန်းလျန်မှ ချင်းလူမျိုးဆိုတာ မရှိဘူးလို့ ကလေးမြို့ ဂါလီလဲ့ ဘုရားကျောင်းအတွင်းပြုလုပ်သော ဇိုမီးညီလာခံအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဦးဂင်ကန်းလျန်က “နိုင်ငံတကာမှာ လူမျိုးတစ်မျိုးရယ်လို့ ဖြစ်လာပြီဆိုရင် စကားရှိရမယ်၊ စာပေရှိရမယ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံရှိရမယ်။ ဒါပေမယ့် ချင်းဆိုတဲ့နေရာမှာ ချင်းစကားဆိုတာ မရှိဘူးလေ။ ချင်းစာရောရှိလား မရှိဘူး။ သူတို့ ချင်းလို့ သုံးနှုန်းတဲ့ အုပ်စုတွေ ကျွန်တော်တို့တွေ့ရင် ဗမာလို ပြောနေရတာပေါ့။ ဘာသာစကားမရှိဘူး။ စာမရှိဘူး။ ယဉ်ကျေးမှုဓလေ့ထုံးစံ ဘုံမရှိတော့ လူမျိုးတစ်မျိုးလို့ သတ်မှတ်လို့ မရဘူးလို့ ကျွန်တော်တို့က ယူဆပါတယ်။ ရန်ကုန်သားကို ရန်ကုန်လူမျိုးလို့ ဘယ်သူခေါ်သလဲ။ ကျွန်တော်တို့လည်း အဲလိုပေါ့။ ချင်းဆိုတာ နေရာဒေသလေ လူမျိုးမဟုတ်တာ“ လို့ ပြောသည်။ ၁၉၅၃ခုနှစ်တွင် တီးတိန်နယ်၊ဖလမ်းနယ်၊ဟားခါးနယ်များမှ နှစ်ခြင်း ခရစ်ယာန်များသည် တီးတိန်မြို့နယ်တွင် အစည်းအဝေးလုပ်ကာ အားလုံးပူးပေါင်းပြိး အဖွဲ့ချုပ်နာမည် ဇိုမီးနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဟု တရားဝင်ဖွဲ့စည်း နိုင်ငံတော် အစိုးရတွင် မှတ်ပုံတင်တယ်ခဲ့ပြီး ဌာနချုပ်အား ဖလမ်းမြို့တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ ကလေးမြို့နှင့် တမူးမြို့ မြို့နှစ်မြို့တွင်းတွင်ပင် ဇိုမီးလူမျိုး (၈၀၀၀၀) ခန့် နေထိုင်ကြကြောင်း သိရပြီး အခြား ပဲခူး၊ မန္တလေး ဒေသများတွင်လည်း နေထိုင်ကြကြောင်း သိရသည်။ ချစ်သူမောင်

ချင်းတိုင်းရင်းသား (၅၃) မျိုးစာရင်းထဲ မပါဝင်သည့် တိုင်းရင်းသားအချို့ သန်းခေါင်စာရင်းကောက်ယူမှုအား စိုးရိမ်

ဧပြီ ၊ ၃ ၊ ရန်ကုန်။ ချင်းတိုင်းရင်းသားဟု အများစုက လက်ခံထားသော ချင်းတိုင်းရင်းသားမျိုးနွယ်အချို့ နိုင်ငံတော် အစိုးရက သတ်မှတ်လိုက်သော ချင်းတိုင်းရင်းသား (၅၃) မျိုးစာရင်းတွင် အမည် မပါဝင်သောကြောင့် သန်းခေါင်စာရင်း လူမျိုးစာရင်းဖြည့်သွင်းရာတွင် စိုးရိမ်မှုတွေ ရှိနေကြောင်း သိရသည်။ ၁၉၈၂ခုနှစ်နှင့် ၁၉၈၃ခုနှစ် သန်းခေါင်စာရင်းပါ လူမျိုးစာရင်းအား အခြေခံထားသည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစာရင်းတွင် ချင်းတိုင်းရင်းသား လူမျိုး (၅၃) မျိုးဟု လွဲမှားစွာ ပါရှိနေကြောင်း ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးနိုထန်ကပ်မှ ပြောသည်။ အစိုးရ၏ သန်းခေါင်စာရင်း ကောက်ခံမှု ချင်းတိုင်းရင်းသား စာရင်းတွင် အမှန်တကယ် တိုင်းရင်းသား လူမျိုးစု အမည်များ မဟုတ်သော ကျေးရွာ ဒေသမြို့အမည်များ ချင်းတိုင်းရင်းသားများ၏ အမည်ရှေ့တွင် ထည့်သွင်းသည့် အမည်များ အမည်ထပ်နေခြင်းများကြောင့် တိုင်းရင်းသားစာရင်းများ များပြားကာ အမှန်တကယ် ရှိနေသော တိုင်းရင်းသာ (၇) မျိုးခန့်တွင် ပါဝင်သော ကွပ်ကီးနှင့် ဇိုမီး ဆိုသည့် လူမျိုးတချို့လည်း အစိုးရသတ်မှတ်ချက် တိုင်းရင်းသား (၅၃)မျိုးစာရင်းတွင် ပါဝင်ခြင်းမရှိပဲ ကျန်နေကြောင်း သိရသည်။ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်မှ “ဒီလို လူမျိုးစုတွေ ခွဲတဲ့အခါမှာလည်း တိုင်းရင်းသားတွေကို ဘယ်သူ့မှ မခေါ်ဘူး။ မတိုင်ပင်ဘူး။ အချိန်လုံလုံလောက်လောက် တိုင်ပင်လို့ရတဲ့ အချိန် (၃) နှစ်ကြီးတောင်ရှိခဲ့တယ်။ အဲဒီလို မတိုင်ပင်တော့ အချို့ တိုင်းရင်းသားဖြစ်ရဲ့သားနဲ့ လူမျိုးစာရင်း(၅၃)မျိုးထဲ ပါတဲ့ ကွပ်ကီး၊ထာဒို တို့ဆိုရင် သန်းခေါင်စာရင်းမှာ သူတို့လူမျိုးထည့်ရင် နိုင်ငံခြား ပြန်ပို့ခံရမှာလိုလို။ အခြားထည့်ကုဒ်ထည့်ပြန်ရင်လည်း တိုင်းရင်းသားမဖြစ်တော့မှာလိုလို စိုးရိမ်စရာတွေ ဖြစ်လာတယ်”လို့ ပြောသည်။ ချင်းတိုင်းရင်းသား ပါတီများအနေဖြင့် ၂၀၁၄ ခုနှစ် တစ်နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန် အစိုးရ၏ ချင်းတိုင်းရင်းသား (၅၃) မျိုးဟု သတ်မှတ်လိုက်ခြင်းအပေါ် လုံးဝ လက်မခံနိုင်ကြောင်း သိရပြီး အမှန်တကယ်အားဖြင့် ချင်းတိုင်းရင်းသား မှာ အလွန်ဆုံး (၇) မျိုးမကျော်နိုင်ဟုလည်း လက်ခံထားကြကြောင်း သိရသည်။ Zomi Congress for Democracy ( ZCD ) ပါတီမှလည်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ဂါလီလဲ ဘုရာကျောင်းတွင်း ဇိုမီးလူမျိုးဟု (၉၁၄) ဆိုသော အခြားကုဒ်တွင် ထည့်ကြရန် ဇိုမီးလူမျိုးအား ညီလာခံတစ်ရပ်ကျင်းပကာ ဆန္ဒခံယူခဲ့သည်။ တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် ၄င်းတို့၏ စိုးရိမ်ပူပန်နေမှုများကြောင့် ၂၀၁၄ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ သဘောထားကြေငြာချက်များအား ကချင်၊ကယန်း၊ကရင်၊ချင်း၊မွန်၊တအန်း/ပလောင်၊ရခိုင်၊ရှမ်း၊နာဂ တိုင်းရင်းသားများအဖွဲ့အစည်းအသီးသီးမှ သန်းခေါင်စာရင်းမကောက်မီတွင် ထုတ်ပြန်ကြေညာခဲ့ကြသည်။ ချစ်သူမောင်

တောင်ဥက္ကလာပ မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် စာရင်းကောက်/စစ်များအား မှန် မြန် တိကျ ဆုပေးမည်

ဧပြီ၊၉၊ရန်ကုန်။ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်းတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာမများနှင့် စာရင်းကောက်များအား သန်းခေါင်စာရင်းအပြီး သန်းခေါင်ရင်း ကောက်ယူ စစ်ဆေးမှု မှန်/မြန်/တိကျ ဆုများ ရွေးချယ်ပေးမည်ဖြစ်ကြောင်း သိရသည်။ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူ ဆရာမများအား လုပ်ငန်းတွင် စိတ်ဝင်တစား တက်ကြွစွာ ပါဝင်နိုင်ရေးနှင့် ပျော်ရွှင်စွာ ပါဝင်နိုင်ရေးအား ဦးတည်ကာ စာရင်းကောက်နှင့် စာရင်းစစ်တွေအားလုံးထဲမှ အတော်ဆုံး အမြန်ဆုံး အမှန်ဆုံး ကို ရွေးချယ်ပြီး ဆုပေးဖို့ တောင်ဥက္ကလာပမြို့နယ် သန်းခေါင်စာရင်းကော်မတီ အနေဖြင့် စီစဉ်ထားကြောင်းတောင်ဥက္ကလာပမြို့နယ် လ၀ကရုံးမှလက်ထောက်မြို့နယ်မှူးဦးမြင့်စိုးကပြောသည်။ ဦးမြင့်စိုးက “ ငါလုပ်တဲ့အခါမှာ ငါ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်သွားမယ်။ ပြီးတော့ ငါလုပ်တဲ့ အလုပ်ကလေးကိုလည်း အလေးထားမယ်။ သူတို့ကို သူတို့လည်း ဂုဏ်ယူရအောင်ဆိုပြီး ကြုံတောင့် ကြုံခဲ သန်းခေါင်စာရင်းကာလလေးမှာ အမှတ်တရ ဖြစ်သွားအောင်ဆိုပြီး ကျွန်တော် ဖန်တီးပေးလိုက်တာပါ“ လို့ ဆက်လက် ပြောသည်။ အစီအစဉ်အား မြို့နယ်အုပ်ချုပ်ရေးမှူးမှ စီစဉ်ပေးခဲ့ပြီး သန်းကောင်းစာရင်းကောက်ယူသည့် ဆရာမများအတွက် လုပ်ငန်းတစ်ခုအား ပြိုင်ဆိုင်မှုလေးများ ထည့်သွင်းကာ တက်ကြွစွာ ဆောင်ရွက်နိုင်ရေးအား ဦးတည်ကာ စီစဉ်ပေးခဲ့ကြောင်းလည်း သိရသည်။ တောင်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ကွက် အမှတ် (၇) တွင် စာရင်းကောက်သူ ဆရာမ ဒေါ်ခင်ငြိမ်းအေးကတော့”ကျွန်မတို့အနေနဲ့ ပြောသံတော့ ကြားတယ်။ ဒါပေမယ့် အတိအကျတော့ မသိဘူး။ ဒါပေမယ့် ဒီလို ဆုမပေးလည်း ကျွန်မတို့အနေနဲ့ တိကျ မှန်ကန် မြန်ဆန်အောင် လို့ ဂရုစိုက် လုပ်ကိုင်ပါတယ်။ အဲဒီလို ဆုလေး ဘာလေး လုပ်ပေးရင်တော့ ကောင်းတာပေါ့။ ကျွန်မတို့လည်း အမှတ်တရ အနေနဲ့ ပျော်ရတာပေါ့” ပြောသည်။ တောင်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် စာရင်းကောက် နှင့် စာရင်းစစ် ဆရာမပေါင်း (၃၃၁)ဦး ရှိပြီး၊ တိကျ မှန်ကန် မြန်ဆန် ဆုအား သင်္ကြန်ကာလအပြီးတွင် ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ချစ်သူမောင်

သန်းကောင်းစာရင်း ကောက်ယူသည့် ဆရာမများနှင့် အထောက်အကူများအား ကျန်းမာရေး စောင့်ရှောက်မှု တောင်ဥက္ကလာတွင် ပေး

ဧပြီ (၈) ရက်၊ရန်ကုန်။ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် အတွင်းသန်းခေါင်စာရင်းကောက်ခံမှုတွင်လိုက်ပါဆောင်ရွက်ကြသောဆရာမများအထောက်အကူပြုအဖွဲ့များအားကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ပေးခဲ့ကြောင်းသိရသည်။ ရပ်ကွက်တိုင်းရှိ သန်းခေါင်စာရင်းအထောက်အကူပြုအဖွဲ့ (၉)ဦးကော်မတီတွင် NGOများဖြစ်သည့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့်သူနာပြုဆရာမများအားထည့်သွင်းထားကာသန်းခေါင်စာရင်းကောက်ခံမည့်ဆရာဆရာမများနှင့်အတူလိုက်ပါဆောင်ရွက်နိုင်ရန်စီစဉ်ထားကြောင်းတောင်ဥက္ကလာပမြို့နယ်လ၀ကရုံးမှလက်ထောက်မြို့နယ်မှူးဦးမြင့်စိုးကပြောသည်။ ဦးမြင့်စိုးက“ဆရာမတွေအနေနဲ့အလုပ်ကတောက်လျှောက်လုပ်နေရတဲ့အတွက်တစ်ယောက်ဆိုတစ်ယောက်ပိုးမွေးသလိုမွေးရတယ်ဘာလို့လည်းဆိုတော့တစ်ယောက်ယောက်ကတစ်ရက်နားရတာနဲ့(၁၇)အိမ်နောက်ကျသွားတယ်ဒါကြောင့် သူတို့တွေကိုကျန်းမာရေးကအစဂရုစိုက်နေရတာပါ”လို့ဆက်လက်ပြောသည်။ သန်းခေါင်စာရင်းကောက်ခံသည့်ဆရာဆရာမများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုတွင်ကြီးမားသည့်အခက်အခဲမရှိသော်လည်းနေ့လည်ခင်းနေပူချိန်ပြင်းထန်ခြင်းကြောင့်သွားလာရေးတွင်အခက်အခဲရှိပြီးချွေးထွက်များသည့်အတွက်ခေါင်းမူးခေါင်းကိုက်ခြင်းများ၊နှင့်ကြုံတွေ့နေရကြာင်းသိရသည်။ တောင်ဥက္ကလာပမြို့နယ်ကျန်းမာရေးဌာန(၆)ရပ်ကွက်တာဝန်မှူးဒေါ်မာလာမြင့်(သားဖွား)က”သန်းခေါင်စာရင်းကောက်ခံတဲ့ဆရာမတွေပြန်လာရင်သွေးပေါင်တိုင်းပေးတယ်၊၊ ပြီးရင်နေပူထဲကပြန်လာပြီးခေါင်းမူးခေါင်းကိုက် တွေရှိတဲ့အခါဓာတ်ဆားရေတိုက်တယ်အားဆေးတွေလည်းပေးတယ်။ အဓိကကတော့ကြီးကြီးမားမားမရှိပါဘူးနေပူရှိန်ပြင်းလို့ခေါင်းကိုက်တာလောက်ပဲရှိတယ်”လို့ပြောသည်။ တောင်ဥက္ကလာပမြို့နယ်တွင် အိမ်ထောင်စုပေါင်း (၃၂၈၅၂ ) စုရှိပြီး ကောက်ကွက်ပေါင်း (၂၅၆) ကွက်ရှိကာ သန်းခေါင်စာရင်းကောက်ခံမှုမှာ ဧပြီလ (၈) ရက်နေ့တွင် ရာခိုင်နှုန်းပြည့် ကောက်ခံပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ချစ်သူမောင်

Thursday, April 3, 2014

သန်းခေါင်စာရင်း အဆင်ပြေစွာ ကောက်ယူနိုင်ရေး ကြိုတင်မေးခွန်း လက်ကမ်းစာရွက်များ ရပ်ကွက်တွင်း ဖြန့်ဝေ

ရန်ကုန်၊မတ်-၃၁ သန်းခေါင်စာရင်းကောက်ယူရာတွင် အဆင်ပြေစေရန် ကြိုပွိုင့်အဖြစ် မေးခွန်းအချို့ပါရှိသော လက်ကမ်းစာစောင်းများအား ရပ်ကွက်တွင်း နေအိမ်များသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ ဖြန့်ဝေခဲ့သော ကြိုပွိုင့်မေးခွန်း စာရွက်များအား သန်းခေါင်စာရင်းရည်ညွှန်ချိန်မတိုင်မီ တစ်ရက်အလို (၂၈.၃.၂၀၁၄) ရက်တွင် ဖြန့်ဝေခဲ့ပြီး ဖြန့်ဝေခဲ့သော စာရွက်တွင် အမျိုးအစား(၂) မျိုး ရှိပြီး ကြောင်း သိရသည်။ “ဒီအစီအစဉ်လေးတွေက သန်းခေါင်စာရင်းကောက်တဲ့အခါမှာ အဆင်ပြေအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ကြတာပါ။ ဒါက တစ်နိုင်ငံလုံးမဟုတ်ပါဘူး။ ကိုယ့် ရပ်ကွက်ကလေးတွေအတွက်ပဲ ကိုယ့်ဖာသာကို လုပ်တာပါ။ သန်းခေါင်စာရင်းကောက်ချိန် အပြင်သွားရင်လည်း အိမ်မှာ ကျန်ခဲ့တဲ့သူ ကို ဖြည့်ထားပေးနိုင်အောင် စီစဉ်တာပါ”လို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ကမာရွတ်မြို့နယ်လ၀ကမှူး ဦးကိုကိုမှ ပြောသည်။ ကမာရွက်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ခံရန် စာရင်း ကောက်ကွက် (၁၂၃) ကွက်၊ အဖွဲ့အစည်းကောက်ကွက် (၅) ကွက် ရှိပြီး သန်းခေါင်စာရင်းကောက် အဖွဲ့များနှင့်အတူ ရပ်ကွက်အတွင်းနေထိုင်သည့် စေတနာရှင် (၁၂) ဦးကလည်း ဆရာ/မများနှင့်အတူ ကမာရွတ် (၆) ရပ်ကွက်တွင် လိုက်ပါကူညီခဲ့သည်။ ”မေးခွန်းစာရွက် (၂) မျိုးကြိုပို့ထားပါတယ်။ အဲဒါတွေက သန်းခေါင်စာရင်းလာကောက်ရင် ဖြေရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ထားတာဟာလည်း လက်တလော အဆင်ပြေစေပါတယ်။ အဲဒီလို မလုပ်ရင် ဘာဖြေရမှန်းမသိ အချိန်ကုန်ခံ မေးမြန်းနေရမှာလေ။ အခုတော့ အဆင်ပြေပါတယ်” လို့ ကမာရွတ်(၆) ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။ အဆိုပါ ကြိုပွိုင့် လက်ကမ်းစာရွက် (၁) တွင် (၂၉.၃.၂၀၁၄) ရက်နေ့ ညအိပ်သူများစာရင်းအား မှတ်တမ်းတင်ပေးထားပါရန် မေတ္တာရပ်ခံထားပြီး မေးခွန်း (၁၄) ချက် ပါဝင်သည်။ဒုတိယ စာရွက်တွင် အသိပေးညာစာစောင်မှ လူတိုင်းအားမေးရန် မေးခွန်း(၄၁) ချက်အား ကူးယူဖော်ပြ အသိပေးထားသည်။ ချစ်သူမောင်