
ဇွန် (၃၀)၊ကလေး။
တပ်မတော်မှ လယ်မြေဧကများ ချန်လှပ်ထားသည့်အတွက် ကလေးခရိုင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အစပ် ဟံသာဝတီရွာ ဘက်ရှိ တပ်မတော်ပိုင် စိုက်ခင်း မြေပေါ်တွင် ဇွန်လ (၁၇) ရက်မှ (၂၀) ရက်နေ့အထိ တောင်သူများမှ ထွန်းတုံးတိုက်ပွဲဆင်နွှဲခဲ့ခြင်းများ ကလေးမြို့ ဒေသကွပ်ကဲရေးမှူးကိုယ်တိုင် ဖြေရှင်းရမှုများ ရှိနေသည်။
တပ်မတော်မှ သိမ်းယူထားသည့် ကလေးခရိုင် တမူးခရိုင်နှင့် မော်လိုက်ခရိုင်ရှိ လယ်ယာမြေများအား ပြန်လည်စွန်လွှတ်ခဲ့ကြောင်း သိရသော်လည်း တပ်ပိုင်ဧရိယာအတွင်း မဟုတ်သော စိုက်ပျိုးလယ်ယာများအား တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခြင်းမရှိပဲ စိုက်ခင်းအဖြစ် အသုံးပြုရန် ကလေးခရိုင်အတွင်း ချန်ထားဆဲ မြေများ ရှိနေသေးကြောင်း သိရပြီး တောင်သူအချို့ ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့သော လယ်ယာမြေမှာလဲ တပ်မတော်မှ ပြန်စွန့်လွှတ်ရာတွင် မပါဝင်သော ချန်လှပ်မြေများဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကလေးမြို့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်သူဦးမှ “ကျွန်တော်တို့လုပ်တယ်ဆိုတာကလည်း ကျွန်တော်တို့အောင်မြင်ရင် ခင်ဗျားတို့ဒေသပါ အလုပ်အကိုင်အခွင့်လမ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်ခဲ့တာပါ။ မဖြစ်လာတာတော့ မဖြစ်တဲ့ အကြောင်းမျှပေါ့နော်။ ကျွန်တော်တို့က ဒါ လူတစ်ဦးတစ်ယောက်ထဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ မဖြစ်နိုင်တော့ တပ်မတော်စက်မှုလယ်ယာကို လုပ်ချင်လို့ ဧကကြီးကြီးနဲ့ ရည်ရွယ်လိုက်တာပါ။ မဖြစ်ခဲ့တာကတော့ အားလုံးကံဆိုးတာပေါ့။ အားလုံးအတွက် ကံဆိုးတယ်လို့ ပြောရမှာပေါ့။ ဖြစ်ခဲရင် ဒါတွေက ဖြည်းဖြည်းချင်း ခင်းဗျားတို့ ပတ်ဝန်းကျင်မှာ ဒီဟာက ပျံနှံ့ပြီးတော့ ဒီပညာရော အကုန်ပေါ့ဗျာ ပျံနှံ့ပြီးတော့ ခင်ဗျားတို့ရဲ့ ဘ၀ကို မြှင့်တင်နိုင်အောင်ဆိုပြီးမှ တပ်မတော်အစိုးရလက်ထက်မှာလည်း ရည်ရွယ်ခဲ့လိုက်တာပါ။
မလွှဲသေးတဲ့ဟာကတော့ ခဏ သည်းခံလိုက်ပေါ့ဗျာ။ အဲလိုမဟုတ်ပဲ ဥပဒေကို ကျော်လွန်ပြီးတော့ အတင်းဝင်ပြီးတော့ စိုက်တယ်တို့ ဆိုရင် ကျွန်တော်တို့ အချင်းချင်း မကောင်းဘူးပေါ့ဗျာ။ တချို့တွေက သူစိမ်းဆန်ဆန်တွေ ရှိပါတယ်။ ရှိမှာပေါ့။ ဒါကလည်း တဖက်ကလည်း အကြောင်းကြောင်းတွေ ရှိမှာပါ။ ” လို့ ဇွန်လ (၂၆) ရက်နေ့က ကျင်းပခဲ့သော ယာယီလုပ်ပိုင်ခွင့် ပေးအပ်ပွဲ အခမ်းအနားအပြီး တောင်သူများအား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၄င်းကပဲ “ကျွန်တော်တို့က ယူနီဖောင်းအစိမ်းဝတ်ထားတော့ သို့သော်လည်း ကိုယ့်သားသမီးတွေပါပဲ။ တစ်ဖက်ကပြောရင် အပြန်အလှန်ပေါ့။ ကိုယ့်မိဘနဲ့ သားသမီးလိုပဲ ပြည်သူနဲ့ တပ်မတော်ဆိုတာလေ အဲလိုသဘောထားပြီး သူစိမ်းတွေလို မဆက်ဆံပါနဲ့သူစိမ်းလို့ သဘောမထားကြပါနဲ့ရန်သူကြီးလို သဘောထားနေရင်တော့ မကောင်းဘူးပေါ့ဗျာ။ ကာယကံရှင်တွေ စိတ်ထဲမှာလဲ အဲလိုကြီးတော့ မရှိဘူးဆိုတာ သိပါတယ်။ သူလည်း လူဆိုတဲ့ အတ္တ လိုချင်ဇောလေးနဲ့ မူလ သူလုပ်ခဲ့ဖူးတာလေး ပြန်လိုချင်တာနဲ့ပေါ့ဗျာ။ တခါတလေကြလည်း ကျနော်အနေနဲ့ ပြောပြီးတော့ ဒေါသဖြစ်ရတယ်။ ဒါဟာလည်း ဂရုဏာ ဒေါသောပေါ့ဗျာ။ ပြောပြီးတော့လည်း စိတ်ထဲ စိတ်မကောင်းပြန်ဖြစ်ရပါတယ်။ ကျွန်တော့်စိတ်ထဲရှိတဲ့အတိုင်းဆို အားလုံးကို ပေးပစ်ချင်တာပေါ့။ ကျွန်တော်တို့ စွန့်လွှတ်လိုက်ပြန်တော့လည်း ပိုင်ရှင်က အချင်းချင်း နှစ်ယောက်ပေါ်လာပြန်တယ်။ အငြင်းပွားကြတယ်။ အားလုံးကို ပျော်စေချင်ပါတယ်။ “ လို့ ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် ကလေးမြို့ရှိ တပ်သိမ်းမြေ ဧကပေါင်း (၇၆၁၂.၄၄) ဧကအား မေလ (၇) ရက်နေ့က ကလေးမြို့ မြို့တော်ခန်းမတွင် ဌာနှဆိုင်ရာနှင့် ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံသော တောင်သူများသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ယခု စွန့်လွှတ်ခဲ့သည့် ဧကပေါင်း (၄၆၀၀) ကျော်ကိုလည်း ဧကပေါင်း (၆၀၀) နီးပါးသာ မြေစာရင်းအနေဖြင့် စီမံနိုင်သေးပြီး ကျန် မြေဧက (၄၀၀၀) ထောင်ကျော် ချထားပေးရန် ရှိနေသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးအတွင်း ပြန်လည်စွန့်လွှတ်ရန် ပေးအပ်သည့် မြေဧရိယာပေါင်း (၄၉၆၁၉.၁၄) ဧကအား တိုင်းဒေသကြီးအစိုးရမှ တောင်သူ (၂၃၀၆ )အား ယာယီလုပ်ပိုင်ခွင့် ပုံစံ (၃) အား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သူမောင်
No comments:
Post a Comment