Sunday, June 22, 2014
ကလေးမြို့တွင် တန်ဘိုးနည်း ဆင်းကတ်များ ပြန်ရောင်းဈေးမြင့်တက်
ဇွန်(၂၂)၊ကလေး။
ကလေးမြို့တွင် CDMA 800 ဆင်းကတ်များ လိုင်းအားကောင်းမွန်လာခြင်းကြောင့် ပြန်ရောင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ကလေးမြို့ ပြန်ရောင်း ဈေးကွက်တွင် တန်းဘိုးနည်း စီဒီအမ်အေ ဆင်းကတ်များမှာ ပြီးခဲ့သည့်ဇွန်လ (၁၅) ရက်နေခန့်အထိ ပေါက်ဈေးမှာ ကျပ် (၃၀၀၀၀) မှ ကျပ် (၃၅၀၀၀) ထိသာ ပေါက်ဈေးရှိခဲ့ပြီး (၁၅) ရက်နေ့နောက်ပိုင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ကောင်းမွန်လာခြင်းကြောင့် (၅၀၀၀၀) ကျပ်အထိ ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။
CDMA 800 ဆင်းကတ် အသုံးပြုသူ တစ်ဦးက “ ကျွန်တော် သတိထားမိတာကတော့ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ အရမ်းကောင်းလာတာ မကြာသေးဘူး။ ရက်ပိုင်းပဲ ရှိသေးတယ်။ အရင်တုန်းက ဖုန်းက ကျွန်တော်တို့ရပ်ကွက်မှာ လိုင်းတိုင် တစ်တိုင် နှစ်တိုင်ပဲ မိတာ။ အခု အတုံးလေးတွေ အပြည့်တက်တယ်။ နောက်ပြီး အင်တာနက်လိုင်းလည်း မကျဘူး။ သုံးနာရီလောက်ထိ ဖွင့်သုံးမိတယ်။ လိုင်းကို မကျတော့ဘူး။ နောက်ပြီး ဖုန်းခေါ်ရင်လည်း အခုဆို တစ်ခါခေါ် တစ်ခါဝင်ပဲ အရင်တုန်းကလို လူကြီးမင်းတွေ မအားတာတွေ ဆက်သွယ်ရေးပြင်ပတွေ မရှိတော့ဘူး။ အသံလည်း ရှင်းတယ်လို့” ပြောသည်။
တန်ဘိုးနည်း CDMA 800 ဖုန်းများ အသုံးပြုခြင်းအနေဖြင့် ယခင်က ကလေး အနောက်ဘက်အခြမ်းရှိ တောင်ဖီလာ တာဟန်း စက်မှုဇုံ ရပ်ကွက်များအထိ အီးမေးအသုံးပြုရန် တကူတက သွားရောက်အသုံးပြုရခြင်းများ ရှိနေခဲ့ကြောင်း သိရသည်။
ဖုန်းလိုင်းများ အထူးကောင်းမွန်လာခြင်းနှင့် ပတ်သက်၍ ကလေးအိတ်ချိမ်းရုံး တာဝန်ခံအင်ဂျင်နီယာ ဦးမြင့်သန်းမှ “CDMA 800 ဖုန်းတွေအတွက် ချမ်းမြေ့အောင်စည်ရပ်ကွက်မှာ ကုမ္ပဏီက ဇွန်လ (၂၀) ရက်နေ့က လိုင်းချိတ်ပါတယ်။ နောက်ပြီး အောင်မင်္ဂလာ ရပ်ကွက် တာဝါတိုင်မှာလည်း စက်အဟောင်းများကို စက်အသစ်တွေနဲ့ အစားထိုး လည်းလည် တပ်ဆင်ထားလို့ လိုင်းတွေ ကောင်းလာတာပါလို့ “ Pouplar News Journal သို့ ပြောသည်။
ကလေးမြို့တွင် တန်ဘိုးနည်း CDMA 800 ဆင်းကတ်များအား ဇန်န၀ါရီလ ကတည်းက စတင်ချထားပေးခဲ့ပြီး လေးလပိုင်းအထိ ကတ်အရေအတွက် (၁၄၀၀၀) ကတ် ချပေးနိုင်ခဲ့ကာ လိုင်းချိတ်ဆက်မှု အနေဖြင့် CDMA 800 တာဝါတိုင် (၃) တိုင်၊ CDMA 450 တာဝါတိုင် (၂) တိုင် ဖြင့် ဆက်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment