Sunday, June 29, 2014

ယာဉ်မှတ်တင်အ၀ိုင်းများ ပျောက်ပျက်ပါက တစ်ကြိမ်လျှင် (၅၀၀၀) ကျပ် တိုးမြင့်ကောက်ခံမည်

ဇွန် (၃၀)၊ကလေး။ ဆိုင်ကယ် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (အ၀ိုင်း) ပျောက်ဆုံး ပျက်စီးမှု ရှိပြီး မိတ္တူ ပြန်လည်လျှောက်ထားပါက တစ်ကြိမ် ပျောက်ပျက်တိုင်း ပျောက်ပျက်တိုင်း ငွေကျပ် (၅၀၀၀) စီ တိုးမြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ကညန (ကလေး)၏ ကြေငြာစာအရ သိရသည်။ ပျက်စီး ပျောက်ဆုံး မိတ္တူလျှောက်ခြင်းနှင့် ပတ်သက်ပြီး ကလေးမြို့ ကညန ရုံးမှ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အ၀ိုင်း ထုတ်ပေးသည့်အချိန်မှ (၃) လပြည့်ပြီး ယာဉ်ထိန်းဌာနမှ ပြစ်ချက်ဖြင့် သိမ်းယူထားခြင်းမရှိကြောင်း ထောက်ခံစာပါမှသာ မိတ္တူပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ကြေငြာထားသည်။ ဆိုင်ကယ်မှတ်ပုံတင် (အ၀ိုင်း) မိတ္တူလျှောက်သူ တစ်ဦးက “ ကျွန်တော့်ဆိုင်ကယ်မှာ လိုင်စင်လုပ်ပြီး အ၀ိုင်းပျောက်မှာစိုးလို့ မိတ္တူ တပ်ထားတာ ယဉ်ထိန်းက နောက်တစ်ခါ မူရင်းပဲ တပ်ပါလို့ သတိပေးလို့ တပ်ထားတာ အဲဒါ မတော်တဆ ကျနေခဲ့တယ်။ နတ်ပါ ပြုတ်ကျခဲ့တာပါ။ ဒါကို အခုပြန်ရောက်လျှောက်တော့ မှတ်ပုံတင် အ၀ိုင်းခ (၅၀၀၀) ကျပ် ပေးရတယ်။ ယဉ်သက်တမ်းတိုးတာနဲ့ အ၀ိုင်းမိတ္တူလျှောက်တာတော့ (၁၀) ရက်လောက်တော့ စောင့်ရတယ်။ နောက်တစ်ခါပျောက်ရင် (၁၀၀၀၀) ကျပ် ပေးရမယ်တဲ့။ ဒါ့ကြောင့် ကိုယ့်ဆိုင်ကယ်က မှတ်ပုံတင် အ၀ိုင်းကို မပျောက်ပျက်အောင် ထိန်းသိမ်းသင့်တယ် “ လို့ ပြောသည်။ ဆိုင်ကယ် မှတ်ပုံတင် သက်သေခံ (အ၀ိုင်း) မိတ္တူလျှောက်ထားရန် ရပ်ကွက်၊ ရဲစခန်း၊ ယာဉ်ထိန်းဌာနတို့မှာ ထောက်ခံစာနှင့် ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) ပါ အမည်ပေါက်ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ရန် ပိုင်ရှင် မှတ်ပုံတင် မိတ္တူ တစ်စောင်ပါ ယူဆောင်လာရန် လိုအပ်ပြီး ကညန ရုံးသို့ လာရောက်ကာ လျှောက်ထားရန် လိုအပ်ကြောင်း၊ ကိုယ်စားလှယ်လာရောက် လျှောက်ထားပါက ယာဉ်မှတ်ပုံတင်စာအုပ်ပါ အမည်ပေါက်ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းနှင့် လာရောက်လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူ တစ်စောင်ပါ ယူဆောင်လာရန် လိုအပ်ကြောင်း ကိုလည်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ကညန ရုံး၏ အသိပေး ထုတ်ပြန်ချက်တွင် (၁.၈.၂၀၁၃) နေ့မှ စပြီး ပျောက်ဆုံးမိတ္တူခ ကျပ် (၅၀၀၀) ၊ ဒုတိယအကြိမ်ပျောက်ပျက်လျှင် (၁၀၀၀၀) ကျပ်၊ တတိယအကြိမ် ပျောက်ပျက်လျှင် (၁၅၀၀၀) ကျပ်၊ တစ်ကြိမ်းတိုး ပျောက်ပျက်တိုင်း ငါးထောင်ကျပ်စီ တိုးမြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ပျက်စီးမိတ္တူ လျှောက်ထားရာတွင် ပျက်စီး အ၀ိုင်းတွင် ဟိုလိုဂရမ် ပြန်လည်ပါရှိမှသာ လက်ခံမည်ဖြစ်ကြောင်း သိရသည်။ ချစ်သူမောင်

ကလေးခရိုင်တွင် ဓမ္မစကူးလ်သင်ကြားရေး ဆရာမများ လိုအပ်မှုအခက်အခဲအား ကလေးမြို့ မဘသ မှ စီမံမည်

ဇွန်(၃၀)၊ကလေး။ ကလေးခရိုင်အတွင်းရှိ ဓမ္မစကူးလ် ကျောင်းများ ယခင် ပညာသင်နှစ်ထက် များပြားစွာ ဖွင့်လှစ်လာနိုင်မှုနှင့်အတူ သင်ကြားရေးဘက်တွင် ဆရာ/မ အင်အား လိုအပ်ချက်များ နဲ့ ကြုံတွေလာနေပြီဖြစ်ကြောင်း သင်တန်းနည်းပြဆရာတစ်ဦးဖြစ်သူ ကိုအောင်မြင့်ထွန်းမှ ပြောသည်။ ၂၀၁၃-၁၄ ပညာသင်နှစ်က စပြီး ပထမတန်း ဒုတိယတန်း တတိယတန်း အတန်းသုံးတန်းအား စတင်သင်ကြားခဲ့ပြီး သင်ကြားဌာန (၉၂) ဌာနအား ကလေးခရိုင် အနေဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကလေးခရိုင် ဓမ္မစကူးလ် ဆရာဖြစ်ဆင့်ပွားသင်တန်းဆရာ ကိုအောင်မြင့်ထွန်းမှ “ကလေးမြို့ ဓမ္မစကူးလ်သင်တန်းတွေက မနှစ်ကထက် တစ်ဆနီးပါး တိုးဖွင့်လာနိုင်ခဲ့တယ်။ နောက်ပြီး ဒီနှစ်မှာလည်း အရင်နှစ်ကထက် (၄/၅) တန်း အတန်း (၂) တန်း ထပ်တိုးလာတာတော့ အရင်နှစ်က သုံးတန်းထဲ သင်ရတဲ့ ဆရာမအင်အားနဲ့ မလောက်ချင်တော့ဘူး။ ဒါ့ကြောင့် ကျောင်းတိုးခြင်း အတန်းတိုးခြင်းအတွက် ဆရာမ အင်အား အရမ်းလိုအပ်လာပါတယ်” လို့ ပြောသည်။ ၂၀၁၄ ပညာသင်နှစ်တွင် ထပ်တိုးလာသည့် ဓမ္မစကူးလ် လေးတန်း ငါးတန်း သင်ကြားရေးနှင့် ပတ်သက်ပြီး ဓမ္မစကူးလ်ရုံး(ကလေး) တာဝန်ခံ ဆရာတော် ဦးရေ၀တမှလည်း “ ထပ်တိုးလာတဲ့ လေးတန်း ငါးတန်း တွေအတွက် က သင်ကြားရေးမှာ အခက်အခဲမရှိပါဘူး။ ဆရာတွေကို ပြန်ပြီးလည်း သင်တန်းပေးစရာမလိုပါဘူး။ ဘာလို့လည်း ဆိုတော့ လေးငါးတန်းတွေကို သင်ဖို့ သင်ရိုးက တစ်တန်း ၊နှစ်တန်း ၊သုံးတန်းတွေရဲ့ သင်ရိုးနဲ့ အတူတူပါပဲ။ အခု သင်တန်းတက်ထားတဲ့ ဆရာမတွေ လေးငါး သင်နေချိန်မှာ အကူဆရာမတွေက တစ်နှစ်သုံး ကို ကြည့်ပေးကြရင် သွားမှာ ဖြစ်ပါတယ်” လို့ မိန့်သည်။ ဓမ္မစကူးလ်ဆရာ လိုအပ်မှု ပြဿနာအား ဖြေရှင်းနိုင်ရန် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အဖွဲ့(ကလေး) မှ ဆရာဖြစ် ဆင့်ပွားသင်တန်း တစ်သုတ်လျှင် ဆရာဦးရေ(၆၀) ထိ တက်ရောက်နိုင်မည့် ဆင့်ပွားကြီး သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်နေပြီး အဆိုပါ သင်တန်းအနေဖြင့် သင်တန်း တစ်သုတ်လျှင် (၇) ရက်ခန့် ကြာမြင့်မည်ဖြစ်ကာ သင်တန်းဆရာ (၆) ဦးခန့်ဖြင့် ဆင့်ပွားသင်တန်း ပေးရမည်ဖြစ်ကြောင်း သိရပြီး ယခင်က ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်းများအား သင်တန်းတစ်သုတ်လျှင် (၄၅) ဦးအား သင်တန်းဆရာ (၃) ဦးဖြင့် ဆင့်ပွားသင်တန်းပေးခဲ့ပြီး သင်တန်းတစ်သုတ်လျှင် (၆) ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။ ၂၀၁၃တွင် ဓမ္မစကူးကျောင်းပေါင်း (၉၂) ကျောင်းသာရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ကလေးခရိုင် ထပ်တိုး ဖွင့်လှစ်လာနိုင်သည့် ဓမ္မစကူးကျောင်းပေါင်း (၁၃၅) ဌာနအထိ ရှိလာပြီဖြစ်ကာ ဓမ္မစကူးလ် ပညာသင်ကြားရေးနှင့် ပတ်သက်ပြီး ယခင်နှစ်တွင် အတန်းသုံးတန်းသာ သင်ကြားခဲ့သော်လည်း ယခုနှစ်တွင် သင်ကြားရန် လေးတန်း ငါးတန်း (၂) တန်းထပ်တိုးသင်ကြားရန် ဓမ္မစကူးလ်ဌာန (ကလေး) ရုံးသို့ ဆရာကိုင်နှင့် ကျောင်းသားကိုင် လေးတန်း ငါးတန်း သင်ရိုး စာအုပ်များ ရောက်ရှိလာပြီဖြစ်သည်။ ချစ်သူမောင်

ထွန်းတုံးတိုက်ပွဲဆင်နွှဲ တောင်သူအချို့အား ဒေသကွပ်ကဲရေးမှူးမှ သည်းခံပေးရန် တောင်ပန်

ဇွန် (၃၀)၊ကလေး။ တပ်မတော်မှ လယ်မြေဧကများ ချန်လှပ်ထားသည့်အတွက် ကလေးခရိုင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အစပ် ဟံသာဝတီရွာ ဘက်ရှိ တပ်မတော်ပိုင် စိုက်ခင်း မြေပေါ်တွင် ဇွန်လ (၁၇) ရက်မှ (၂၀) ရက်နေ့အထိ တောင်သူများမှ ထွန်းတုံးတိုက်ပွဲဆင်နွှဲခဲ့ခြင်းများ ကလေးမြို့ ဒေသကွပ်ကဲရေးမှူးကိုယ်တိုင် ဖြေရှင်းရမှုများ ရှိနေသည်။ တပ်မတော်မှ သိမ်းယူထားသည့် ကလေးခရိုင် တမူးခရိုင်နှင့် မော်လိုက်ခရိုင်ရှိ လယ်ယာမြေများအား ပြန်လည်စွန်လွှတ်ခဲ့ကြောင်း သိရသော်လည်း တပ်ပိုင်ဧရိယာအတွင်း မဟုတ်သော စိုက်ပျိုးလယ်ယာများအား တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခြင်းမရှိပဲ စိုက်ခင်းအဖြစ် အသုံးပြုရန် ကလေးခရိုင်အတွင်း ချန်ထားဆဲ မြေများ ရှိနေသေးကြောင်း သိရပြီး တောင်သူအချို့ ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့သော လယ်ယာမြေမှာလဲ တပ်မတော်မှ ပြန်စွန့်လွှတ်ရာတွင် မပါဝင်သော ချန်လှပ်မြေများဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကလေးမြို့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်သူဦးမှ “ကျွန်တော်တို့လုပ်တယ်ဆိုတာကလည်း ကျွန်တော်တို့အောင်မြင်ရင် ခင်ဗျားတို့ဒေသပါ အလုပ်အကိုင်အခွင့်လမ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်ခဲ့တာပါ။ မဖြစ်လာတာတော့ မဖြစ်တဲ့ အကြောင်းမျှပေါ့နော်။ ကျွန်တော်တို့က ဒါ လူတစ်ဦးတစ်ယောက်ထဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ မဖြစ်နိုင်တော့ တပ်မတော်စက်မှုလယ်ယာကို လုပ်ချင်လို့ ဧကကြီးကြီးနဲ့ ရည်ရွယ်လိုက်တာပါ။ မဖြစ်ခဲ့တာကတော့ အားလုံးကံဆိုးတာပေါ့။ အားလုံးအတွက် ကံဆိုးတယ်လို့ ပြောရမှာပေါ့။ ဖြစ်ခဲရင် ဒါတွေက ဖြည်းဖြည်းချင်း ခင်းဗျားတို့ ပတ်ဝန်းကျင်မှာ ဒီဟာက ပျံနှံ့ပြီးတော့ ဒီပညာရော အကုန်ပေါ့ဗျာ ပျံနှံ့ပြီးတော့ ခင်ဗျားတို့ရဲ့ ဘ၀ကို မြှင့်တင်နိုင်အောင်ဆိုပြီးမှ တပ်မတော်အစိုးရလက်ထက်မှာလည်း ရည်ရွယ်ခဲ့လိုက်တာပါ။ မလွှဲသေးတဲ့ဟာကတော့ ခဏ သည်းခံလိုက်ပေါ့ဗျာ။ အဲလိုမဟုတ်ပဲ ဥပဒေကို ကျော်လွန်ပြီးတော့ အတင်းဝင်ပြီးတော့ စိုက်တယ်တို့ ဆိုရင် ကျွန်တော်တို့ အချင်းချင်း မကောင်းဘူးပေါ့ဗျာ။ တချို့တွေက သူစိမ်းဆန်ဆန်တွေ ရှိပါတယ်။ ရှိမှာပေါ့။ ဒါကလည်း တဖက်ကလည်း အကြောင်းကြောင်းတွေ ရှိမှာပါ။ ” လို့ ဇွန်လ (၂၆) ရက်နေ့က ကျင်းပခဲ့သော ယာယီလုပ်ပိုင်ခွင့် ပေးအပ်ပွဲ အခမ်းအနားအပြီး တောင်သူများအား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၄င်းကပဲ “ကျွန်တော်တို့က ယူနီဖောင်းအစိမ်းဝတ်ထားတော့ သို့သော်လည်း ကိုယ့်သားသမီးတွေပါပဲ။ တစ်ဖက်ကပြောရင် အပြန်အလှန်ပေါ့။ ကိုယ့်မိဘနဲ့ သားသမီးလိုပဲ ပြည်သူနဲ့ တပ်မတော်ဆိုတာလေ အဲလိုသဘောထားပြီး သူစိမ်းတွေလို မဆက်ဆံပါနဲ့သူစိမ်းလို့ သဘောမထားကြပါနဲ့ရန်သူကြီးလို သဘောထားနေရင်တော့ မကောင်းဘူးပေါ့ဗျာ။ ကာယကံရှင်တွေ စိတ်ထဲမှာလဲ အဲလိုကြီးတော့ မရှိဘူးဆိုတာ သိပါတယ်။ သူလည်း လူဆိုတဲ့ အတ္တ လိုချင်ဇောလေးနဲ့ မူလ သူလုပ်ခဲ့ဖူးတာလေး ပြန်လိုချင်တာနဲ့ပေါ့ဗျာ။ တခါတလေကြလည်း ကျနော်အနေနဲ့ ပြောပြီးတော့ ဒေါသဖြစ်ရတယ်။ ဒါဟာလည်း ဂရုဏာ ဒေါသောပေါ့ဗျာ။ ပြောပြီးတော့လည်း စိတ်ထဲ စိတ်မကောင်းပြန်ဖြစ်ရပါတယ်။ ကျွန်တော့်စိတ်ထဲရှိတဲ့အတိုင်းဆို အားလုံးကို ပေးပစ်ချင်တာပေါ့။ ကျွန်တော်တို့ စွန့်လွှတ်လိုက်ပြန်တော့လည်း ပိုင်ရှင်က အချင်းချင်း နှစ်ယောက်ပေါ်လာပြန်တယ်။ အငြင်းပွားကြတယ်။ အားလုံးကို ပျော်စေချင်ပါတယ်။ “ လို့ ပြောကြားခဲ့သည်။ တပ်မတော်အနေဖြင့် ကလေးမြို့ရှိ တပ်သိမ်းမြေ ဧကပေါင်း (၇၆၁၂.၄၄) ဧကအား မေလ (၇) ရက်နေ့က ကလေးမြို့ မြို့တော်ခန်းမတွင် ဌာနှဆိုင်ရာနှင့် ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံသော တောင်သူများသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ယခု စွန့်လွှတ်ခဲ့သည့် ဧကပေါင်း (၄၆၀၀) ကျော်ကိုလည်း ဧကပေါင်း (၆၀၀) နီးပါးသာ မြေစာရင်းအနေဖြင့် စီမံနိုင်သေးပြီး ကျန် မြေဧက (၄၀၀၀) ထောင်ကျော် ချထားပေးရန် ရှိနေသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးအတွင်း ပြန်လည်စွန့်လွှတ်ရန် ပေးအပ်သည့် မြေဧရိယာပေါင်း (၄၉၆၁၉.၁၄) ဧကအား တိုင်းဒေသကြီးအစိုးရမှ တောင်သူ (၂၃၀၆ )အား ယာယီလုပ်ပိုင်ခွင့် ပုံစံ (၃) အား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ချစ်သူမောင်

Sunday, June 22, 2014

ကလေးခရိုင် ဆောက်လုပ်ရေး ရံပုံငွေ (၂) ရပ်ဖြင့် ဒေသတွင်း လမ်းတံတားများ ပြုပြင်တည်ဆောက်မည်

ဇွန်(၁၂)၊ကလေး။ ပြည်ထောင်စု ငွေလုံးငွေရင်းရံပုံငွေဖြင့် ကလေးနယ်တွင် တံတားကြီး (၂) စင်းအပါအ၀င် လမ်းပြင်ခြင်း မြေထိန်းကျောက်နံရံများတည်ဆောက်ခြင်း လမ်းခင်းခြင်းများ ပြုလုပ်ဆောင်ရွက်ရန် ရှိကြောင်း ကလေးခရိုင်အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းမှ ပြောသည်။ ကလေးဒေသတွင် ၂၀၁၃ စက်တင်ဘာ ရေကြီးမှုကြောင့် လမ်းတံတားများ ပျက်စီးမှုတံတားအစင်းပေါင်း (၁၁) စင်းအထိရှိခဲ့ပြီး အဆိုပါ ပျက်စီးခဲ့သည့် လမ်းတံတားများ များအားလည်း ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ကိုင်နေပြီး အသစ်ထပ်မံ တိုးချဲ့လုပ်ငန်းများလည်း စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ကလေးခရိုင် အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းမှ “ ကျွန်တော်တို့ ကလေးဒေသတွင်းမှာ ၂၀၁၄-၁၅ ဘဏ္ဍာရေးဘတ်ဂျက်နဲ့ ဂန့်ဂေါ-ကလေး လမ်းပေါ်မှာ တံတား (၂) စင်း၊ ကျီကုန်း - ကလေး ကားလမ်းပိုင်း ကတ္တရာရေပိတ်လွှာ၊ ပြင်သာဆိပ်-ကလေးတက္ကသိုလ် လမ်းပိုင်းတွေ လုပ်ဆောင်ဖို့ ရှိပါတယ်။ ဒါတွေကို အခု ဘတ်ဂျက်ကာလအတွင်းလုပ်မှာပါ” လို့ ပြောသည်။ ၂၀၁၄-၁၅ ခု ဘဏ္ဍာရေးဘတ်ဂျက်မှ ဆောက်လုပ်ရေးအတွက် ပြည်ထောင်စု ငွေလုံးငွေရင်း ရံပုံငွေ ကျပ်သန်းပေါင်း(၄၅၀)သန်းနှင့် တိုင်းဒေသကြီးအထူးပြင်ဆင်ထိန်းသိမ်းခြင်း ရံပုံငွေ ကျပ်သန်းပေါင်း (၁၃၆၈) သန်း ချပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု ငွေလုံးငွေရင်း ရံပုံငွေဖြင့် ကလေး-ဂန့်ဂေါ ကားလမ်းပေါ်ရှိ ပေ(၆၀) အရှည်ရှိ သံကူကွန်ကရစ်တံတား (၂) စင်းအား ဇင်းကလင်းရွာအနီး နှင့် ထောက်ကြန့်ရွာအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး ကျီကုန်း- ကလေး ကားလမ်းပိုင်း လမ်းအရှည် (၂) မိုင် (၁) ဖာလုံ အတွက် ကတ္တရာရေပိတ်လွှာခင်းခြင်း၊ ပြင်သာဆိပ်မှ ကလေးတက္ကသိုလ် လမ်းပေါ်ရှိ (၁၀) ပေအရှည် သံကူကွန်ကရစ်တံတားငယ် (၃) စင်း၊ ကလေးမြို့ တံတားဦး တံတား (ဥပုသ်ချောင်း) ကျောက်စီ မြေကာနံရံ (၄၅ ) ပေအရှည် ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ တိုင်းဒေသကြီး အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရံပုံငွေဖြင့် စော်ဘွားရေရှင် - ပြောင်ဘုတ် - မော်လိုက် လမ်းပိုင်း မိုင်တိုင် ၂၅/၀ မှ ၃၃/၀ အထိ (၈) မိုင်အရှည် လမ်းကတ္တရာခင်းခြင်း၊ ပြောင်ဘုတ်ချောင်း (၂) နေရာ ဖြတ်သန်းရန် ပေ(၆၀) အရှည်၊ အကျယ် (၁၈) ပေ ကျယ်ဝန်းသည့် တံတား (၂) စင်း နှင့် သံကူကွန်ကရက် ကြမ်းခင်း (ရေပြွန်) (၆) ခု ပြုလုပ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပြီး ချင်းပြည်နယ် ဖလမ်းနှင့်နတ်ချောင်း လမ်းအား ကလေးခရိုင်ပိုင် (၂)မိုင်နှင့် (၃၃၀) ပေ အရှည် ကတ္တရာလမ်းခင်းခြင်းများပါ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ချစ်သူမောင်

ရာဇဂြိုဟ်ဆည်ရေသောက်စနစ် တူးမြောင်းမကြီး ဖောက်လုပ်မှု ပြီးဆုံးတော့မည်

ဇွန်(၁၁)၊ကလေး။ ရာဇဂြိုဟ်ဆည်ရေသောက်စနစ်တည်ဆောက်ခြင်း (ပင်မတူးမြောင်းကြီး) ဖောက်လုပ်မှု လုပ်ငန်းစဉ်များ ယခုနှစ် ဇွန်လ အတွင်း ပြီးဆုံးမှု အခြေအနေထိ ရောက်နေပြီဖြစ်ကြောင်း သိရသည်။ တူးမြောင်းမကြီး တူးဖော် ပြီးစီး၍ ရေပေးဝေနေနိုင်ပါက ကလေးမြို့ မြောက်ပိုင်းဒေသ လယ်မြေဧကပေါင်း (၈၅၀၀) အထိ ရေပေးဝေနိုင်မည်ဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူ AE ဦးသိန်းစိုး မှ “ ကျွန်တော်တို့ ဆည်ရေသောက်စနစ် တူးမြောင်းမကြီးကို ရာဇဂြိုဟ်ဆည်ကနေ ဒီဘက် စုံလာမြိုင်ရွာနားအထိ တူးနေတာဟာ အခု ဇွန်လ အစပိုင်းမှာကို ပေပေါင်း (၁၀၀၀၀) ကျော်လောက်ပဲ ကျန်ပါတော့တယ်။ ပြီးတော့မှာပါ။ အခက်အခဲသိပ်မရှိပါဘူး” လို့ပြောသည်။ တူးမြောင်းဖောက်လုပ်မှုတွင် လက်တံ မြောင်းငယ် (၅) ခုဖြင့် ရေခွဲဝေပေးမည်ဖြစ်ပြီး ရာဇဂြိုဟ်ဆည် မပြီးခင် ကာလအတွင်း တောင်သူများ စိုက်ပျိုးရေ အဆင်ပြေစေရေးအတွက် လက်တံမြောင်း (၁) နှင့် (၃) မှ စိုက်ပျိုးမြေဧက (၂၄၀၀) ဧကခန့် အား ၂၀၁၃ ခုနှစ် မိုးစပါးရာသီကတည်းက ရေပေးဝေခဲ့ကြောင်း သိရသည်။ ဆည်ရေသောက်စနစ် ပင်မတူးမြောင်းကြီးအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စတင်တူးဖော်ခဲ့ကာ ပေပေါင်း (၆၇၁၀၀) ပေ အရှည် တူးဖော်မှု ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၄ ဇွန်လဆန်းပိုင်းတွင် တူးဖော် ပြီးစီးမှု အနေဖြင့် ပေပေါင်း (၅၇၀၀၀) ပေ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ မြောင်းလက်တံခွဲ မြောင်းငယ် (၁)နှင့် မြောင်းငယ်(၃) မှ ရေပေးဝေမှုအား ရာဇဂြိုဟ်ဆည်မှ ပေးဝေခြင်း မဟုတ်ပဲ အနီးရှိ မှန်လုံချောင်းနှင့် နေရဉ္စရာချောင်းများမှ ယာယီ ရေသွယ်ပေးနေကြောင်းလည်း သိရသည်။ ချစ်သူမောင်

ရာဇဂြိုဟ်ဆည် လျှပ်စစ်ထုတ်လုပ်ရေး စက်နှင့် ဆက်စပ်ပစ္စည်းများ စတင်သယ်ယူမှု ပြုလုပ်

ဇွန်(၁၁)၊ကလေး။ ကလေးမြို့ မြောက်ပိုင်းဒေသရှိ ရာဇဂြိုဟ်ဆည်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်နှင့် ဆက်စပ်ပစ္စည်းများ ဇွန်လကုန်တွင် ရောက်ရှိတော့မည်ဖြစ်ကြောင်း ကလေးမြို့ တည်ဆောက်ရေး (၄) မှ AE ဦးဗညားစိုးမှ ပြောသည်။ ရာဇဂြိုဟ်ဆည်မှ ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် (၄) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်စက် တပ်ဆင်မည်ဖြစ်ပြီး ၄င်းစက်နှင့် ဆက်စပ်ပစ္စည်းအား တရုပ်နိုင်ငံမှ မှာယူကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား ထုတ်စက်နှင့် ပတ်သက်ပြီး AE ဦးဗညားစိုးမှ “ ကျွန်တော်တို့ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မယ့်စက်နဲ့ဆက်စပ်ပစ္စည်းတွေ ရောက်တော့မှာပါ။ မေလကုန်ကတည်းက စက်နဲ့ ပစ္စည်းတွေ တင်လာတဲ့ သဘောင်္ဟာ တရုပ်နိုင်ငံကနေ သဘောင်္နဲ့ တင်လာပါပြီ” လို့ ပြောသည်။ ရာဇဂြိုဟ်ဆည် လျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် စက်နှင့် ဆက်စပ်ပစ္စည်းများအား တရုပ်နိုင်ငံ ကုမ္ပဏီတစ်ခုဖြစ်သည့် CGGC ကုမ္ပဏီမှ မှာယူပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ မေလ (၃၁) ရက်နေ့ သင်္ဘောဖြင့် ဆည်တွင် တပ်ဆင်ရန် ပို့ဆောင်နေပြီဖြစ်ပြီ စက်ပစ္စည်းများအာ သင်္ဘောဖြင့် လေးကြိမ်ခွဲပို့ဆောင်ရမည်ဖြစ်ကာ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရန် (၂) ပတ်ခန့် ကြာမည်ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းမှ ရာဇဂြိုဟ်ဆည်သို့ သယ်ယူရန် (၂) ပတ်ခန့် စုစုပေါင်း တစ်လခန့် ကြာမည်ဖြစ်ကြောင်း သိရသည်။ ရာဇဂြိုဟ်ဆည် စီမံကိန်း လျှပ်စစ်ဓာတ်အား ထုတ်ယူမှုလုပ်ငန်း အရည်အသွေးမြင့်မားရေးအတွက် နိုင်ငံတော်မှ အစဉ်တစိုက်ကြိုးစားလျှက်ရှိပြီး လုပ်ငန်း ချောမွေ့အဆင်ပြေစေရေးအတွက် ဆည်းမြောင်းဌာန ကျွမ်းကျင်ပညာရှင်များ၊ ဂျပန် နည်းပညာအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်သည့် Sanyu Consultant Inc Co.,ltd နှင့် တရုပ်ကုမ္ပဏီ (CGGC) တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ တရုပ်နိုင်ငံ CGGC ကုမ္ပဏီမှ မှာယူသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်နှင့် ဆက်စပ်ပစ္စည်းများအနေဖြင့် တန်ဘိုး အမေရိကန်ဒေါ်လာ ၆ ဒဿမ ၈ သန်း (၆၈သိန်း) ဖြစ်ပြီး အဆိုပါ ကန်ဒေါ်လာ (၆၈) သိန်းတွင် သယ်ယူစရိတ်များ မပါဝင်သေးကြောင်း သိရသည်။ ချစ်သူမောင်

၂၀၁၅ ခုနှစ် ရာဇဂြိုဟ်ရေလှောင်တမံ တမံပိုင်းလုပ်ငန်းပြီးဆုံးမည်ဖြစ်သော်လည်း လျှပ်စစ်ထုတ်နိုင်ဦးမည်မဟုတ်

ဇွန်(၁၁)၊ကလေး။ ကလေးမြို့ မြောက်ပိုင်း ရာဇဂြိုဟ်ရေလောင်တမံစီမံကိန်း၏ တမံပိုင်း ချောင်းပိတ်လုပ်ငန်းများ ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ပြီးဆုံးတော့မည်ဖြစ်ကြောင်း သိရသည်။ ရာဇဂြိုဟ်ဆည် ရေလောင်တမံ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ် ဇွန်လအတွင်း လုပ်ငန်းပြီးစီးမှုအနေဖြင့် ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီနေပြီဖြစ်ပြီး ရေအားလျှပ်စစ် စက်တပ်ဆင်ရန် အပိုင်းနှင့် နေရဉ္စရာချောင်းပိတ်တမံ လုပ်ငန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။ ကလေးမြို့ တည်ဆောက်ရေး (၄) မှ AE ဦးကောင်းမြတ်အောင်မှ “ တမံပိုင်း တည်ဆောက်မှု ပြီးစီးသွားလျှင်လည်း လတ်တလောချက်ခြင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု အတွက် ဆည်အတွင်း ရေအားလျှပ်စစ်စက် အနိမ့်ဆုံး လည်ပတ်နိုင်မည့် ရေအမှတ် (RL 597) ပေအထိ ရေလှောင်ဖို့ လိုအပ်မှာပါ။ အဲဒီ အနိမ့်ဆုံးရေအမှတ် ပြည့်ဖို့က ၂၀၁၆ ခုနှစ် မေလကုန်လောက်လို့ ခန့်မှန်းထားပါတယ်။ အဲဒီလို ရေအမှတ်ပြည့်မှ လျှပ်စစ်ဓာတ်အား ထုတ်စက်ကို စမ်းသပ်လည်ပတ်မှုတွေ လုပ်ရမှာပါ ” လို့ ပြောသည်။ ကလေးမြို့ မြောက်ပိုင်းရှိ ရာဇဂြိုဟ်ဆည် စီမံကိန်း ပြီးဆုံးပါက လျှပ်စစ် (၄) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကာ အဆိုပါ ထုတ်လုပ်နိုင်မည် လျှပ်စစ် (၄) မဂ္ဂါဝပ်ဖြင့် ကလေးတစ်နယ်လုံး လျှပ်စစ်ဓာတ်အား အသုံးပြုမှုနိုင်မည်ဖြစ်သည်။ သစ်လုပ်ငန်းရှင်တစ်ဦးကလည်း “ ကလေးဒေသမှာ လျှပ်စစ်မီး ပြည့်ပြည့်စုံစုံ ရလို့ရှိရင် သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မှာပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ မြို့မှာ ထင်းသုံးတာကိုက တစ်နှစ်ကို တန်ပေါင်း သောင်းကျော်မယ် ထင်ပါတယ်” လို့ ပြောသည်။ ရာဇဂြိုဟ်ရေလောင်တမံ စီမံကိန်းအား ၂၀၀၃-၂၀၀၄ ခုနှစ် ဘဏ္ဍာရေးနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်၏ ၂၀၁၄ ခုနှစ် ဇွန်လ လ၀က်ခန့်မှာပင် တမံတည်ဆောက်မှုအပိုင်း အနေဖြင့် (၈၃ ဒဿမ ၆၁)ရာခိုင်နှုန်းအထိ ပြီးစီးကာ ဓာတ်ဖြန့်ဖြူးနိုင်ရေး သွယ်သန်းမှု ကိစ္စရပ်များကိုပါ စက်စမ်းသပ်လည်ပတ်ချိန်အမှီ ဆောင်ရွက်မည်ဖြစ်ပြီး ဆည်ရေ၀ပ်ဧရိယာ (၉၈၀) ဧက ရှိကြောင်း သိရသည်။ ချစ်သူမောင်

မြန်မာ့ဆက်သွယ်ရေးမှ ကလေးမြို့တွင် တာဝါတိုင်များထပ်တိုး တည်ဆောက်မည်

ဇွန်(၆)၊ကလေး။ ကလေးမြို့တွင် ဖုန်းလိုင်းများ ကြပ်ညှပ်မှုရှိနေပြီး ဖုန်းဆက်သွယ်မှုများ ခက်ခဲနေသည့် ပြဿနာအား ဖြေရှင်းပေးနိုင်ရန် ဖုန်းတာဝါတိုင်များ ဆိုးချဲ့ ဆောက်လုပ်နေပြီဖြစ်ကြောင်း ကလေးအိတ်ချိန်းရုံး တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်သန်းမှ ပြောသည်။ ကလေးမြို့တွင် GSM , CDMA 800,CDMA 450 ,WCDMA ဖုန်းလိုင်းများ အသုံးပြုနေမှု လေးသောင်းကျော်ခန့် ရှိနေပြီး မေလဆန်းပိုင်းလောက်မှ စတင်ကာ ဖုန်းလိုင်းများ မကြည်လင်မှု ကြပ်တောက်မှုများရှိနေကြောင်း ဆက်သွယ်မှုများလည်း ခက်ခဲနေကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကလေးအိတ်ချိန်းရုံး တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်သန်းက “ ကျွန်တော်တို့ ဖုန်းလိုင်းတွေ ပိုကောင်းလာအောင် ချိန်ညှိမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အခြားဒေသကနေ တဆင့်ပြီး တဆင့် ချိန်ညှိရတဲ့အတွက် အခက်အခဲ အနည်းငယ်ရှိနေပါတယ်။ မြိုင်ဘက်က တစ်နေရာမှာ Error တက်နေတယ်လို့ သိရပါတယ်။ ဒါကို အမြန်ဆုံး အဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ နောက်ပြီး ကလေးဒေသမှာ တာဝါတိုင် (၃) တိုင် တိုးချဲ့ဖို့ စတင်နေပါပြီ “ လို့ ပြောသည်။ ကလေးဒေသတွင် လက်ရှိ တာဝါတိုင် (၉) တိုင်ဖြင့်သာ လိုင်းချိတ်ဆက်မှုများ ဆောင်ရွက်နေပြီး ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ထပ်တိုးတာဝါတိုင် သုံးခုအား တိုးချဲ့တည်ဆောက်မှု အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အသစ်ထပ်မံတည်ဆောက်မည့် တာဝါတိုင် (၃) တိုင်အား ကလေးမြို့ပေါ်ရပ်ကွက်တွင် (၂) တိုင်နှင့် ကလေးမြို့နယ် မြောက်စည်းကျေးရွာတွင် (၁) တိုင် နေရာရွေးချယ်သတ်မှတ်ထားပြီး မြောက်စည်းကျေးရွာရှိ တာဝါတိုင် တည်ဆောက်မှုမှာ မကြာခင် အပြီးသတ်နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။ ကလေးဒေသ တစ်ခုလုံးအတွက် တယ်လီဖုန်း တာဝါတိုင် (၉) တိုင်ဖြင့်သာ ဆောင်ရွက်နေသော်လည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ တန်ဘိုးနည်း ဆင်းကတ် ချထားပေးမှု အရေအတွက်မှာတော့ GSM (၅၃၃၄) ကတ်နှင့် metel ဆင်းကတ် (၁၄၀၀၀) ကတ်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။ ချစ်သူမောင်

ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံပါက ဆင်းကတ်ပျောက်ပျက်များ (၅) ရက်အတွင်း ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးမည်

ဇွန်(၆)၊ကလေး။ ကလေးမြို့ အော်တိုအိတ်ချိန်းရုံးတွင် ဆင်းကတ် ပျောက်ဆုံး ပျက်စီးမှုများအား (၅) ရက်အတွင်း ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ကလေးအိတ်ချိန်းရုံး တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်သန်းမှ ပြောသည်။ ဖုန်းဆင်းကတ်ပျောက်ဆုံး ပျက်စီးသူများ အနေဖြင့် အပတ်စဉ် ရုံးဖွင့်ရက်များအတွင်း အစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိနေကြောင်း သိရသည်။ ကလေးအိတ်ချိန်းရုံး တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်သန်းက “ ဆင်းကတ်ပျက်စီးတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ငွေကြေးမယူပဲ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ပျောက်ဆုံးကဒ်တွေအတွက်တော့ အထောက်အထားအခိုင်အလုံနဲ့ ကျွန်တော်တို့ဆီ လာပြောရင် DM စာရွက် ထုတ်ပေးပြီး စာတိုက်ရုံးမှာ ငွေ နှစ်သောင်းကျပ် သွင်းရပါမယ်။ ဒီလိုကိစ္စလေးတွေ ပြီးတာနဲ့ (၅) ရက်လောက်နဲ့ ရအောင် ကြိုးစားပေးနေပါတယ်” လို့ ပြောသည်။ ကလေးမြို့တွင် ဆင်းကတ်ချထားပေးမှုနှင့် ပျောက်ဆုံး ပျက်စီးမှုများမှာ အနည်ငယ်သာ ဖြစ်ပေါ်လျှက်ရှိပြီး ဖုန်းဆင်းကတ်ပျက်စီးသူများအတွက် ဖုန်းကတ်ပြန်လျှောက်ရန် ဖုန်းစာချုပ် မိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် ဖုန်းဆင်းကတ်အပျက်ကို ပူးတွဲ တင်ပြရမှာဖြစ်ပြီး ပျောက်ဆုံးသူများအတွက် ရဲစခန်းနှင့် သက်ဆိုင်ရာရပ်ကွက်ရုံးမှ ပျောက်ဆုံးကြောင်း ထောက်ခံစာပါ ပူးတွဲတင်ရမည်ဖြစ်ကြောင်း သိရသည်။ ဖုန်းဆင်းကတ် ပျောက်ပျက်သူများအား ကလေးမြို့ အော်တိုအိတ်ချိန်းရုံးတွင် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၉း၃၀) နာရီမှ နေ့လည် (၁း၃၀) နာရီ အချိန်အတွင်း ဆောင်ရွက်ပေးနေပြီး GSM ဆင်းကတ်များအား မန္တလေးရုံးသို့တဆင့် ပြန်လျှောက်ကာ Mec ဆင်းကတ်မျညးအား ရန်ကုန်သို့ တဆင့် ပြန်လျှောက်ပေးရကြောင်း သိရသည်။ ချစ်သူမောင်

ကလေးမြို့တွင် တန်ဘိုးနည်း ဆင်းကတ်များ ပြန်ရောင်းဈေးမြင့်တက်

ဇွန်(၂၂)၊ကလေး။ ကလေးမြို့တွင် CDMA 800 ဆင်းကတ်များ လိုင်းအားကောင်းမွန်လာခြင်းကြောင့် ပြန်ရောင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ကလေးမြို့ ပြန်ရောင်း ဈေးကွက်တွင် တန်းဘိုးနည်း စီဒီအမ်အေ ဆင်းကတ်များမှာ ပြီးခဲ့သည့်ဇွန်လ (၁၅) ရက်နေခန့်အထိ ပေါက်ဈေးမှာ ကျပ် (၃၀၀၀၀) မှ ကျပ် (၃၅၀၀၀) ထိသာ ပေါက်ဈေးရှိခဲ့ပြီး (၁၅) ရက်နေ့နောက်ပိုင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ကောင်းမွန်လာခြင်းကြောင့် (၅၀၀၀၀) ကျပ်အထိ ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။ CDMA 800 ဆင်းကတ် အသုံးပြုသူ တစ်ဦးက “ ကျွန်တော် သတိထားမိတာကတော့ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ အရမ်းကောင်းလာတာ မကြာသေးဘူး။ ရက်ပိုင်းပဲ ရှိသေးတယ်။ အရင်တုန်းက ဖုန်းက ကျွန်တော်တို့ရပ်ကွက်မှာ လိုင်းတိုင် တစ်တိုင် နှစ်တိုင်ပဲ မိတာ။ အခု အတုံးလေးတွေ အပြည့်တက်တယ်။ နောက်ပြီး အင်တာနက်လိုင်းလည်း မကျဘူး။ သုံးနာရီလောက်ထိ ဖွင့်သုံးမိတယ်။ လိုင်းကို မကျတော့ဘူး။ နောက်ပြီး ဖုန်းခေါ်ရင်လည်း အခုဆို တစ်ခါခေါ် တစ်ခါဝင်ပဲ အရင်တုန်းကလို လူကြီးမင်းတွေ မအားတာတွေ ဆက်သွယ်ရေးပြင်ပတွေ မရှိတော့ဘူး။ အသံလည်း ရှင်းတယ်လို့” ပြောသည်။ တန်ဘိုးနည်း CDMA 800 ဖုန်းများ အသုံးပြုခြင်းအနေဖြင့် ယခင်က ကလေး အနောက်ဘက်အခြမ်းရှိ တောင်ဖီလာ တာဟန်း စက်မှုဇုံ ရပ်ကွက်များအထိ အီးမေးအသုံးပြုရန် တကူတက သွားရောက်အသုံးပြုရခြင်းများ ရှိနေခဲ့ကြောင်း သိရသည်။ ဖုန်းလိုင်းများ အထူးကောင်းမွန်လာခြင်းနှင့် ပတ်သက်၍ ကလေးအိတ်ချိမ်းရုံး တာဝန်ခံအင်ဂျင်နီယာ ဦးမြင့်သန်းမှ “CDMA 800 ဖုန်းတွေအတွက် ချမ်းမြေ့အောင်စည်ရပ်ကွက်မှာ ကုမ္ပဏီက ဇွန်လ (၂၀) ရက်နေ့က လိုင်းချိတ်ပါတယ်။ နောက်ပြီး အောင်မင်္ဂလာ ရပ်ကွက် တာဝါတိုင်မှာလည်း စက်အဟောင်းများကို စက်အသစ်တွေနဲ့ အစားထိုး လည်းလည် တပ်ဆင်ထားလို့ လိုင်းတွေ ကောင်းလာတာပါလို့ “ Pouplar News Journal သို့ ပြောသည်။ ကလေးမြို့တွင် တန်ဘိုးနည်း CDMA 800 ဆင်းကတ်များအား ဇန်န၀ါရီလ ကတည်းက စတင်ချထားပေးခဲ့ပြီး လေးလပိုင်းအထိ ကတ်အရေအတွက် (၁၄၀၀၀) ကတ် ချပေးနိုင်ခဲ့ကာ လိုင်းချိတ်ဆက်မှု အနေဖြင့် CDMA 800 တာဝါတိုင် (၃) တိုင်၊ CDMA 450 တာဝါတိုင် (၂) တိုင် ဖြင့် ဆက်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ချစ်သူမောင်

တပ်ပိုင်မြေပေါ် ထွန်တုံးတိုက်ပွဲဆင်နွှဲသည့် တောင်သူများ ဒေသကွပ်ကဲရေးမှူးနှင့် ထိပ်တိုက်ဖြေရှင်း

ဇွန် (၁၂)၊ကလေး။ ကလေးမြို့နယ် ကြံသာရွာအနီးရှိ ဒကစ(ကလေး) ပိုင် လယ်ယာမြေဧက (၆၀) ကျော် အပေါ် မူလလက်ငုတ် ပိုင်ရှင်ဟုဆိုသော တောင်သူ (၉) ဦးသည် ဇွန်လ (၁၇) ရက်နေ့မှ (၂၀) ရက်နေ့အထိ ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။ ထွန်းတုံးတိုက်ပွဲဆင်နွှဲခဲ့သော တောင်သူများတောင်သူများ၏ မြေများမှာ တပ်မတော်မှ ၁၉၉၈-၉၉ ခုနှစ်တွင် သိမ်းယူထားခဲ့သော မြေများဖြစ်ပြီး တပ်ပိုင်မြေများမှ ပြန်လည်စွန်လွှတ်သည့် မြေများတွင် ပါဝင်ခဲ့ခြင်း မရှိပဲ ကျန်နေခဲ့ခြင်းကြောင့် ယခု ကဲ့သို့ ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ထွန်တုံးတိုက်ပွဲတွင် ပါဝင်ခဲ့သော တောင်သူတစ်ဦးက “ အခုထိ ဘာမြေမှ လုပ်ကိုင်စရာ ကိုယ်ပိုင်မရှိဘူးဗျ။ အဲဒါကြောင့် ဒါကို ပြန်ရအောင်ဆိုပြီး လုပ်ကြတာပါ။ တပ်ကပြန်စွန့်တဲ့မြေထဲမှာ သူများတွေက ရပြီးမှ ကျွန်တော်တို့က ကျန်နေလို့ အဖြေတစ်ခုခုထွက်အောင် လုပ်လိုက်တာပါ” လို့ ပြောသည်။ နောက်ထပ် တောင်သူတစ်ဦးကလည်း “ ကျွန်တော်တို့ မြေတွေကို တပ်က သိမ်းပြီးကတည်းက ကျွန်တော်တို့ မိသားစုတွေ သူများဆီမှာ အခစား နေ့စား လုပ်ကြရတယ်။ အခုထိပဲ။ မိသားစုဝင် (၆) ဦးရှိပါတယ်။ အားလုံး အငှားလိုက်နေရတာပါ။ အငှားလုပ်ငန်းနဲ့ပဲ လုပ်ကိုင်အသက်မွေးနေရတာပါ” လို့ ပြောသည်။ ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့သော လယ်ယာမြေများနှင့် ပတ်သက်ပြီး တပ်ပိုင် မြေဧက (၅၀၀၀) ကျော်အား တပ်မတော်မှ ယခုစိုက်ပျိုးချိန်အမီ ဧကပေါင်း (၄၆၀၀) ကျော်ကို ပြန်လည်စွန်လွှတ်ခဲ့ပြီး တပ်မတော်က ဆက်လက် လုပ်ကိုင်ဖို့ လုပ်ကိုင်နိုင်သလောက် ဧကပေါင်း (၃၃၂) ဧကသာ ချန်ထားကာ အဆိုပါ (၃၃၂) ဧက အား တပ်မတော်မှ စွန်လွှတ်ရန် အစီအစဉ် မရှိကြောင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး) မှ ဒေသကွပ်ကဲရေးမှူးကြီး ဗိုလ်မှူးချုပ် အောင်သူဦးမှ ပြောသည်။ တပ်မတော်မှ သိမ်းယူခဲ့သည့် မြေဧကများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအစပ် အဆက်အစပ်ရှိ မြေဧကပေါင်း (၅၀၀၀) ကျော် ဧကရှိခဲ့ပြီး အဆိုပါ မြေဧက (၅၀၀၀)ကျော်ထဲမှ (၄၆၅၀) ဧကအား မေလ (၁၀) ရက်နေ့က ပြန်လည်စွန့်လွှတ်ခဲ့ပြီး တပ်မတော်မှ ပြန်လည်လုပ်ကိုင်ရန် (၃၃၂) ဧက သာ ချန်ထားခဲ့ကြောင်း သိရပြီး ချန်ထားမြေ (၃၃၂) ဧက ပေါ်တွင် တောင်သူ (၉) ဦးမှ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။ ထွန်းတုံးတိုက်ပွဲဆင်နွှဲခဲ့သော တောင်သူ (၉) ဦးအား ဒကစ(ကလေး) မှ ဒေသကွပ်ကဲရေးမှူးကြီးမှ တပ်မတော်မှ စွန့်ခဲ့သည့်မြေများမှ အသစ်ပြန်လည်လျှောက်ယူ အကြံပြုညှိနှိုင်းခဲ့ပြီး မြို့နယ် မြေစာရင်းဦးစီးဌာနသို့လည်း ဦးစားပေးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ တပ်မတော်အနေဖြင့် ကလေးမြို့ရှိ တပ်သိမ်းမြေ ဧကပေါင်း (၇၆၁၂.၄၄) ဧကအား မေလ (၇) ရက်နေ့က ကလေးမြို့ မြို့တော်ခန်းမတွင် ဌာနှဆိုင်ရာနှင့် ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံသော တောင်သူများသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ယခု စွန့်လွှတ်ခဲ့သည့် ဧကပေါင်း (၄၆၀၀) ကျော်ကိုလည်း ဧကပေါင်း (၆၀၀) နီးပါးသာ မြေစာရင်းအနေဖြင့် စီမံနိုင်သေးပြီး ကျန် မြေဧက (၄၀၀၀) ထောင်ကျော် ချထားပေးရန် ရှိနေသေးကြောင်း သိရသည်။ ချစ်သူမောင်