Wednesday, July 23, 2014

အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဗဟို ဥပဒေ အကြံပေး ဦးအေးပိုင်နှင့် တွေ့ဆုံခြင်း



(ချစ်သူမောင် တွေ့ဆုံမေးမြန်းသည်)

မေး     -         မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ဖို့ ဘယ်အချိန်က စတင်ကြိုးပမ်းခဲ့သလဲ။ ဒီနေ့အထိ ဘယ်လောက် အောင်မြင်မှု ရှိနေလဲ သိချင်ပါတယ်။

ဖြေ      -         မျိုးစောင့်ဥပဒေကတော့ ၂၀၁၂ လောက်ပေါ့နော် အသေးစိတ်တော့ မမှတ်မိတော့ဘူးပေါ့နော်။ အဲဒီအချိန်တုန်းက မဘသဖွဲ့ပြီးသွားပါပြီး။ မဘသ ဖွဲ့ကတည်းကိုက ရည်ရွယ်ချက်ထဲမှာ ပေါ်ထွန်းရေးပါတာပေါ့နော်။ အဲဒီတုန်းကလည်း ကျွန်တော်တို့ ဥပဒေကြမ်းတွေ တင်ခဲ့ကြတာပဲ။ ဘယ်လောက်ထိအောင်မြင်သွားလဲဆို ခုလောလောဆယ် သမ္မတကြီးဆီ သ၀ဏ်လွှာပို့ သမ္မတကြီးကနေ လွှတ်တော်ပို့ အဆင့်ဆင့် ကော်မရှင်တွေ ဖွဲ့ပြီး ဆောင်ရွက်နေတဲ့အတွက် ဥပဒေကြမ်းလေးခုအနက် တစ်ခုတော့ အကြမ်းထွက်လာပါပြီ။ အဲဒါကိုလည်း ပြန်လည်ပြီး ဖြည့်စွက်ရင်း ပြင်ဆင်ရင်း ပြန်လည် တင်ပြထားပါတယ်။ နောက်ထပ် သုံးခုကလည်း ရေးဆွဲနေဆဲ ဖြစ်ပါတယ်။ အဲဒီမှာ လူဦးရေ ထိန်းညှိခြင်းတို့ လက်ထပ် ထိန်းမြားခြင်းတို့ တလင် တမယားစနစ်တို့ဆိုတဲ့ နေရာမှာ ဒီ လူဦးရေထိန်းညှိခြင်းနဲ့ ပတ်သက်လို့ ဒီ လ၀က က ဆောင်ရွက်နေပါတယ်။ ကျန်တာကတော့ ပြည်ထောင်စု တရားရုံးချုပ်က တရားလွှတ်တော် က ဆောင်ရွက်နေပါတယ်။

မေး     -         ဒီ အမျိုးစောင့်ဥပဒေဆိုတာက ဘယ်လောက်အထိ အရေးကြီးလို့ လိုအပ်နေတာလဲ သိချင်ပါတယ်။

ဖြေ      -         အနာဂတ်မြန်မာနိုင်ငံတော်မှာ အေးချမ်းသာယာရေး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ ဥပဒေဖြစ်လို့ မဖြစ်မနေကို လိုအပ်ပါတယ်။ အင်မတန် အရေးကြီးပါတယ်။

မေး     -         အရင်တုန်းက မြန်မာနိုင်ငံမှာ အဲလို ဥပဒေမျိုး ရှိခဲ့သလား။

 ဖြေ      -         အရင်တုန်းက မျိုးစောင့်ဥပဒေဆိုတဲ့ နာမည်နဲ့တော့ မြန်မာနိုင်ငံမှာ မရှိခဲ့ဘူး။ သို့သော်လည်းပဲ (၅၄) ဥပဒေလို့ ခေါ်တဲ့ မြန်မာ မိန်းကလေးတွေ အခွင့်အရေးဆုံးရှုံးမှုတွေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးတဲ့ ဥပဒေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဥပဒေဟာ မလုံလောက်ပါဘူး။ မလုံလောက်တဲ့အတွက် လက်ရှိ အခုနောက်ပိုင်း မြန်မာနိုင်ငံကို ဒီမိုကရေစီ 
တည်ဆောက်တဲ့အခါမှာ ၀င်လာမယ့် အရာက အများကြီးဖြစ်ပါတယ်။ အဲဒီအတွက် ကို လိုအပ်တဲ့ ဥပဒေနဲ့ ကာကွယ်မယ့်အတွက်ကို ဒီအချိန်မှာ အင်နဲ့အားနဲ့ တောင်းဆိုတာ ဖြစ်ပါတယ်။

မေး     -         မျိုးစောင့်ဥပဒေ ပြဌာန်းခွင့် မရခဲ့ဘူးဆိုရင် အနာဂတ်မြန်မာပြည်အရေး ဘာတွေ ဖြစ်နိုင်သလဲ။ ဘာဆက်လုပ်မလဲ။

ဖြေ      -         မျိုးစောင့်ဥပဒေသာ ပြဌာန်းခွင့် မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ မြန်မာတိုင်းရင်းသားတွေ (၁၃၅) မျိုးလုံးဟာ ဘာသာရေး လူမျိုးရေး ၀ါးမျိုမှုကို ခံသွားရမှာ ဖြစ်သလို မြန်မာနိုင်ငံဟာလည်း လူမျိုးရေးဝါးမျိုမှု ဘူးသီးတောင် မောင်းတော မှာကဲ့သို့ ထိုင်းနိုင်ငံမှာ ကဲ့သို့ မျိုသွားရင် ပြန်လည်တိုက်ဖို့ ဆုံးရှုံးသွားပါလိမ့်မယ်။ မရဘူးဆိုရင် ဘာဆက်လုပ်မလဲ။ ရတဲ့နည်းနဲ့ ရအောင် တစ်နိုင်ငံလုံး ပြည်သူတွေပါအောင် တိုင်းရင်းသားတွေ အားလုံးပါအောင် ၀ိုင်းဝန်းပြီးတော့ တောင်းဆိုသွားရမှာ ဖြစ်ပါတယ်။

မေး     -         ဒီ မဘသ က ရေးစွဲတဲ့ ဥပဒေ မူကြမ်းတွေထဲမှာ ဘယ်ဥပဒေကို ပြည်သူတွေကြား ချပြနေပြီလဲ။

ဖြေ      -         ကိုးကွယ်မှုဆိုင်ရာ ကူးပြောင်းရေး ဥပဒေ မူကြမ်းကတော့ ပြည်သူတွေကို ကျွန်တော်တို့ ချပြပြီးသွားပြီ။ ဒါပေမယ့် အဲဒီ ဥပဒေမူကြမ်းကိုတောင်မှ ကျွန်တော်တို့ ဖြည့်စွတ်ချက်တွေ ပြင်ဆင်ချက်တွေ ပြန်လုပ်ပြီး တင်ပြထားပါတယ်။ အကြံပြု တင်ပြထားတဲ့အပေါ်မှာ နောက်ဆုံး လွှတ်တော် မရောက်ခင်ပေါ့။ အဲဒီအဆင့်ထိကို ရေးဆွဲတုန်းပဲ ရှိပါသေးတယ်။ရေးဆွဲပြီးရင်တော့ မကြာခင်မှာ သမ္မတကြီး ဒီဥစ္စာကို ကိုးကွယ်ရာဘာသာ ကူးပြောင်းရေးဆိုင်ရာ လွှတ်တော် ဆက်လက်တင်ပြမယ်လို့ အကြမ်းဖျည်းတော့ သိထားပါတယ်။ လွှတ်တော်ထဲရောက်မှပဲ ထပ်ပြီး ဆွေးနွေးကြမယ်ပေါ့လေ။ ကျွန်တော်တို့က ဒီဥပဒေ ပေါ်ထွန်းရေးကို သက်ဆိုင်ရာ မြို့နယ်တိုင်းက မဘသတွေကို မြို့နယ်တိုင်းမှာ ဒီလို ဥပဒေနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေကို ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ တကယ်တော့ ဒီဥပဒေ ပေါ်ထွန်းရေးဟာ မဘသ တင်မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်ဆောင်ရွက်သင့်ပါတယ်လို့ ကျွန်တော် တင်ပြချင်ပါတယ်။

မေး     -         ၈၂ ဥပဒေ ရှိပြီးသားဖြစ်တဲ့အတွက် ဒီ အမျိုးစောင့်ဥပဒေဟာ မလိုအပ်ဘူးဆိုတဲ့ အသံတွေ ကြားမှာပါ။ အဲဒီအပေါ်ရော ဘယ်လို မြင်လဲ ရှင်းပြပေးပါဦး

ဖြေ      -         ၁၉၈၂ ခုနှစ် ဥပဒေက မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေက မြန်မာနိုင်ငံသားကို ဘယ်လို လူမျိုးသတ်မှတ်သလဲဆိုတာကို ပြဌာန်းထားပါတယ်။ အကြမ်းဖျည်းပြောရရင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မတိုင်ခင်တုန်းက မြန်မာနိုင်ငံကို ရောက်ရှိနေကြတဲ့ နိုင်ငံသား ပြုခွင့်ရသူ ဧည့်နိုင်ငံသားပြုခွင့်ရသူတွေဆိုရင် နိုင်ငံသားခံယူခွင့်ရှိသလို မြန်မာတိုင်းရင်းသား (၁၃၅) မျိုးဟာလည်း အလိုအလျောက်နိုင်ငံသား မြန်မာတိုင်းရင်းသား မိဘနှစ်ပါးက မွေးလာတဲ့ ကလေးကလည်း အလိုအလျောက် မြန်မာနိုင်ငံသား ။ မြန်မာနိုင်ငံသားတစ်ဦးနဲ့ ၁၉၄၈ က မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဧည့်နိုင်ငံသားတစ်ဦးဦးက မွေးလာတဲ့ ကလေးကလည်း နိုင်ငံသားဖြစ်ခွင့်ရတယ်။ ဒါပေမယ့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ နောက်ပိုင်းမှာ ရောက်လာသော သူတွေသည် နိုင်ငံသားဖြစ်ခွင့်မရှိပါဘူး။

မေး     -         မျိုးစောင့်ဥပဒေကို ကန့်ကွက်တဲ့ အသံတွေ နောက်ပြီး ၄၃၆ ကို အာရုံပြောင်းတယ်တို့ ဘာတို့ ဆိုတဲ့ အသံတွေ အပေါ်မှာရော ဘာပြောချင်ပါသလဲ။

ဖြေ      -         သူတို့ပြောဆိုတဲ့ဟာတွေကိုအပြစ်တင်စရာ မရှိပါဘူး။ သူတို့ရဲ့ အမြင်နဲ့ သူတို့ရဲ့ အဆိုကို ပြောနိုင်ပါတယ်။ သို့သော်လည်းပဲ တကယ်လုပ်တာက နိုင်ငံရေးနဲ့ လုံးဝ မဆိုင်ပါဘူး။ ပတ်သက်မှုလည်း မရှိပါဘူး။ သို့သော်လည်းပဲ အမျိုးသား နိုင်ငံရေးနဲ့တော့ ဆိုင်တာပေါ့။ ဒါဟာ ဘာသာသာသနာ ငြိမ်းချမ်းရေးရော ကိုယ့်အမျိုးကို ကာကွယ်ရေးရော ဘာသာပေါင်းစုံအတွက် ပြဌာန်းရင် ဒီဥပဒေက ကိုယ့်ကိုယ်ကို ကာကွယ်ပြီးသားဖြစ်မယ်။ ပြောရရင် ပါတီနိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ အမျိုးသားနိုင်ငံရေးပါ။ ပြီးတော့ ရှုပ်ထွေးအောင်လုပ်တာလဲ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဓိက ပြောချင်တာပေါ့။ ဒီအချိန်မှာ ဒါဟာ ပေါ်လာတယ်။ အမှန်တော့ ကျွန်တော် တင်ပြခဲ့သလို ထမင်းချက်တာနဲ့ ဟင်းချက်တာဟာ နှစ်ခုလုံး အတူတူလုပ်တော့ ထမင်းကို ဟင်းနဲ့ စောစော တွဲစားနိုင်တာပေါ့။ ပြင်လည်း ပြင်ပါ ။ ပြလည်း ပြဌာန်းပါပေါ့။

မေး     -         အမျိုးစောင့်ဥပဒေဆိုတာ ဗုဒ္ဓဘာသာ တစ်ခုထဲအတွက်လား။

ဖြေ      -         မျိုးစောင့်ဥပဒေဆိုတာ ဗမာတစ်မျိုးထဲအတွက် မဟုတ်ပါဘူး။ ဘာသာပေါင်းစုံအတွက် လုပ်တာပါ။ အဲလို ဘာသာပေါင်းစုံနဲ့ ပြဌာန်းလိုက်ရင် ဗုဒ္ဓဘာသာအတွက်က အလိုလို ပြဌာန်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

 မေး     -         တရားဥပဒေ စိုးမိုးမှု ရှိရင် ဒီ မျိုးစောင့်ဥပဒေဆိုတာ ရှိဖို့ မလိုဘူးလို့ ဆိုတဲ့အသံတွေကိုရော မဘသ အနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဖြေ      -         ဥပဒေစိုးမိုးမှု မြန်မာနိုင်ငံမှာ လိုအပ်တာလဲ ကျွန်တော်လက်ခံပါတယ်။ သို့သော် တရားဥပဒေ စိုးမိုးမှု မရှိရင် မျိုးစောင့်ဥပဒေ မလိုဘူးဆိုတာကတော့ မှားပါတယ်။ လက်မခံပါဘူး။ တရားဥပဒေစိုးမိုးမှုလည်း ရှိရမယ်။ မျိုးစောင့်ဥပဒေလည်း ရှိရမယ်။ မျိုးစောင့်ဥပဒေဆိုတာ အနာဂတ်မှာ ပြဿနာတွေ မတက်အောင် ကာကွယ်မယ့် ဥပဒေဖြစ်တယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ အခု လတ်တလော ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ ရေတိုနဲ့ ရေရှည် စကားပြောလာပါလိမ့်မယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးရေး မြန်မာနိုင်ငံသားဥပဒေအရ အရေးယူရန် ပြဌာန်းပြီးသား အဲဒါကို အကောင်အထည်မဖော်ဘူး။ ဒါဟာ ဥပဒေစိုးမိုးမှု မရှိဘူးလို့ ခေါ်တယ်။ မျိုးစောင့်ဥပဒေဆိုတာကတော့ အကုန်လုံးကို ဆိုင်တဲ့အတွက် ၂ ခုလုံးကတော့ အရေးကြီးတယ်။ တရားဥပဒေစိုးမိုးမှု ရှိရင် မျိုးစောင့်ဥပဒေမလိုဘူးဆိုတာတော့ မဟုတ်ပါဘူး။

မေး     -         ဒီ အမျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ကြုံရပါသလဲ။

ဖြေ      -         အခက်အခဲကတော့ အများကြီး ရင်ဆိုင်နေရပါတယ်။ အခက်အခဲ ရင်ဆိုင်ရတဲ့ နေရာမှာ အများဆုံးတော့ ဘုမသိ ဘမသိလို့ပဲ ပြောရမလို ဂဃ နဏ မသိပဲ ကတ်ပြောတဲ့ လူတွေကြောင့်လည်းပဲ ပါတာပေါ့။ နောက်တစ်ခုက ဒါကြီးကို ပြည်သူတွေ များများသိနိုင်အောင် လုပ်ဆောင်ရတဲ့ အခက်အခဲတွေ ငွေရေးကြေးရေးကအစ သွားရေးလာရေး အကုန်လုံး အခက်အခဲတွေ အများကြီးရှိနေတယ်။ ပြီးလို့ရှိရင် ဒီအချိန်မှာ တိုင်းရင်းသားတွေနဲ့ အစိုးရ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ကာလဖြစ်တဲ့အတွက် တိုင်းရင်းသားတွေရဲ့ နားလည်မှု လွဲချော်နေတာလေးတွေမှာ လည်းပဲ အခက်အခဲ ကြုံပါတယ်။ ကျွန်တော်ကိုယ်တိုင် မြ၀တီဘက် ကချင်ပြည်နယ် မြစ်ကြီးနား မိုးကောင်းတို့ဘက် ဟောပြောပွဲ စည်းရုံးပွဲတွေ လုပ်ခဲ့တဲ့ အခါမှာ နားထောင်ပြီးသွားတဲ့အခါမှာ အော် ဒီမျိုးစောင့်ဥပဒေဆိုတာ တိုင်းရင်းသားတွေ အားလုံးအတွက် အမြင် မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဘာသာပေါင်းစုံမှာ လိုအပ်တဲ့ ဥပဒေပါလားလို့ ဟောပြောခဲ့တဲ့ နေရာတွေမှာ နားလည်သွားခဲ့ပါတယ်။ အခက်အခဲကတော့ အဲဒါတွေကို တစ်နိုင်ငံလုံး မြို့နယ်တိုင်း သိနိုင်အောင် သွားဖို့ ပြောဖို့ လိုတဲ့အတွက် အခက်အခဲတွေ ရှိနေပါတယ်။

အခုလို စိတ်ရှည်စွာ ဖြေကြားပေးတဲ့အတွက် ပေါ်ပြူလာနယူးစ်က ဆရာ့ကို ကျေးဇူးတင်ပါတယ်။

ချစ်သူမောင်

No comments:

Post a Comment