Sunday, July 6, 2014
မန္တလေးရယ် အဓိကရုဏ်းရယ် ပြည်သူရယ် အစိုးရရယ် ငြိမ်းချမ်းရေးရယ်……….။
“ နေ့ခင်းဘက်တွေတော့ ငြိမ်ပါတယ်။ ညဘက်တွေမှာ ဖြစ်နေတုန်းပဲ။ တစ်ရက်ကို တစ်ယောက် နှစ်ယောက်ကတော့ သေနေကြတာပဲ။ ဗမာလည်း သေတယ်။ မွတ်စလင်လဲ သေတယ်။“
မန္တလေး မှာ နေတဲ့ ဒေသခံ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်မေးဖြစ်တော့ အထက်ပါ အတိုင်း ကျွန်တော့်ကို ပြောပါတယ်။
“ အခု မန္တလေးမှာ ည(၉း၀၀) နာရီကနေ မနက် (၅း၀၀)နာရီအထိ မထွက်ရ အမိန့်ထုတ်ထားတယ်”
နိုင်ငံရေးနယ်ပယ်မှာ အရှုပ်တော်ပုံတွေ အများကြီးကို ဘယ်သူ ဖန်တီးခဲ့လဲ။ သမိုင်းကို မျက်ခြေမပြတ်တမ်း လေ့လာနေသူတွေကတော့ သိမှာပါ။ ဒီနေရာမှာ ကျွန်တော်လည်း လေ့လာနိုင်သလောက်လေ့လာတွေးခေါ်မိတဲ့ ကျွန်တော့် သဘောထားလေး ပြောချင်ပါတယ်။ အဲဒါ ဘာလဲဆိုတော့ နိုင်ငံရေး အရှုပ်တော်ပုံတော့ မဟုတ်ပါဘူး။ ပဋိပက္ခတွေ အဓိကရုဏ်းတွေနဲ့ ပတ်သက်တဲ့ အမြင်လေးတွေပါ။ ဘယ်ကျမ်း ဘယ် စာအုပ်မှ ကိုးကားပြီး ပြောမှာ မဟုတ်ပါဘူး။ တကယ်တော့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံရဲ့ အတွင်းမှာဖြစ်တဲ့ အဓိကရုဏ်းတွေဟာ အဲဒီ နိုင်ငံရဲ့ အစိုးရ စီမံမှု ညံကဖျင်းလို့ချည်း ဖြစ်လာရတာဖြစ်ပါတယ်။ ဘာလို့ ဒီလို ပြောတာလဲ။ ဒါဟာလည်း ကိုယ့်ကိုယ်ကို ပြန်မေးမိတဲ့ မေးခွန်းတစ်ခုပါ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရဟာ နိုင်ငံထဲမှာ ဘယ်ဝါဒနဲ့ပဲ အုပ်ချုပ်အုပ်ချုပ် သူ့မှာ စီမံပိုင်ခွင့်ရှိတယ်။ ဥပဒေရှိတယ်။ စီမံမှု ညံ့ဖျင်းရင် နိုင်ငံ ညံ့ဖျင်းမယ်။ တရားဥပဒေ မစိုးမိုးရင် နိုင်ငံမှာ အဓိကရုဏ်းတွေ ပဋိပက္ခတွေ ဖြစ်ပေါ်မယ်။ အခုကြည့်လေ မန္တလေး ဗမာ - မွတ်စလင် အဓိကရုဏ်းတဲ့။ ဖေ့ဘုတ်တွေ အင်တာနက် ကွန်ရက်ဝက်ဆိုက်တွေ သတင်းတွေမှာ တက်နေတာ လျှံနေတာပဲ။ ဒီ အပေါ်မှာ မန္တလေးကို လှမ်းပြီး ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ မန္တလေးကို မေတ္တာပို့သူက ပို့ကြတယ်။ မခံမရပ်နိုင်သူတွေက သူ့ဘာသာ ကိုယ့်ဘာသာ ဆဲကြ ဆိုကြတယ်။ အခြေအနေတွေက ပိုတင်းမာလာရင် မန္တလေးကနေ တစ်နိုင်ငံလုံး ပျံ့နှံသွားမယ်။ တစ်နိုင်ငံလုံး ဆူပူမှုတွေ အဓိကရုဏ်းတွေ ဖြစ်လာရင် ဘယ်သူတွေ ကြိုက်မလဲ။ အာဏာရှင်တွေပဲ ကြိုက်မယ်။ ဒီလို အခြေအနေတွေမှာ အာဏာနဲ့ သို့မဟုတ် ခြိမ်းခြောက်နိုင်တဲ့ ပစ္စည်းတွေနဲ့ ၀င်လာမယ်။ ကြားထဲက အမြတ်ထုတ်မယ်။ ဒါတွေကို ကျွန်တော်တွေးတာကလည်း အဓိကရုဏ်းတွေ ဖြစ်ပေါ်လာတဲ့အချိန်မှာ အစိုးရဟာ ဘယ်လောက် အရေးပါလဲ ပြောချင်လို့ပါ။ အဓိကရုဏ်းတစ်ခုကို အစိုးရတစ်ရပ်က ဖန်တီးနိုင်သလို ဖျက်စီးနိုင်တဲ့ ပါဝါ အပြည့်ရှိပါတယ်။ အစိုးရလို့ ပြောတဲ့အခါမှာ ကျွန်တော်ဆိုလိုတဲ့ အစိုးရဆိုတာ အထက်ပိုင်း အရာရှိတွေ ဖြစ်ချင်ဖြစ်မယ်။ ဒါမှာမဟုတ် အောက်ခြေ အစိုးရ၀န်ထမ်းတွေ ဖြစ်ချင်ဖြစ်မယ်။ ဘယ်သူရယ်လို့တော့ လက်ညှိုးမထိုးနိုင်ပါဘူး။ ဘာကြောင့်လည်း ။ အဖြေက ရှင်းပါတယ်။ မန္တလေးရဲ့ အခု လတ်တလောကိစ္စမှာ မွတ်စလင် ဘာသာဝင် လူပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦးရဲ့ သားက အလုပ်သမားလုပ်နေတဲ့ ဗုဒ္ဓဘာသာဝင် မိန်းကလေးကို အလိုမတူ သားမယားပြုမှု ကျူးလွန်တယ်။ ဒါကို အောက်ခြေ အစိုးရ၀န်ထမ်းတွေက မသိကျိုးကျွန်ပြုတယ်။ တရားဥပဒေ နဲ့ အစောတလျင် မကိုင်တွယ်ခဲ့ဘူး။ ဘာလို့လဲ။ မသိလို့လား။ သိရက်နဲ့ ဘာတွေ ရနေလို့ လျစ်လျူရှုတာလဲ။ မသိခဲ့ဘူးဆိုရင် ထားပါ။ သိခဲ့တယ်ဆိုရင်တော့ ဒါဟာ ရည်ရွယ်ချက် ရှိရှိ သို့မဟုတ် ဘာဖြစ်လာနိုင်မယ် ဆိုတာ မသိတဲ့ အစိုးရ ၀န်ထမ်းတစ်ချို့က ဒီ အဓိကရုဏ်းကို ဖန်တီးလိုက်ခြင်းလို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့ ရည်ရွယ်ချက်ရှိရှိ နဲ့ ဘာဖြစ်လာနိုင်မယ်ဆိုတာ မသိဘူးလို့ နှစ်မျိုးနှစ်ခွ ပြောတာလဲဆိုတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုရင်တော့ အဲဒီရည်ရွယ်ချက်ဟာ ဘာကြောင့်လုပ်တယ်ဆိုတာ အားလုံး သိမှာပါ။ အင်း မသိလို့ လုပ်မိတယ်ဆိုရင်တော့ အစိုးရ၀န်ထမ်းတွေ လုပ်ပြီး ဥပဒေကို သူ့တို့ အောက်မှာပဲ ထားလို့ရတယ်ဆိုတဲ့ ဦးနှောက် အတွေး အမြင် မပျောက်သေးလို့ပဲ ဖြစ်မယ်ဆိုတာ ငြင်းလို့ မရတဲ့ အရာတွေပါ။
အခုပဲကြည့်လေ မန္တလေးရဲ့ ညချမ်းမှာ ကျုံးရေတွေကြည့်ရင်း လေညှင်းခံနိုင်ခွင့် မရှိတော့ဘူး။ ည (၉း၀၀) နာရီမှာ ဘယ်တုန်းကမှာ မအိပ်စက်ခဲ့တဲ့ မြို့ကြီး အိပ်စက်နေရပြီ။ ကိုယ့်ထီးကိုယ့်နန်းနဲ့ စံပျော်နေထိုင်ခဲ့ပါတယ်ဆိုတဲ့ မြန်မာပြည်အထက်ပိုင်း တိုင်းပြည်ကြီး မန္တလေး ပုဒ်မ (၁၄၄) ကပ်ခံနေရပြီ။ ဒီကိစ္စဟာ ဘယ်သူ့ကြောင့်လည်း အလိုမတူ သားမယားပြုကျင့်ပါတယ်ဆိုတဲ့ အစ္စလာမ်ဘာသာဝင်ကြောင့်လား။ သူ့တစ်ဦးတစ်ယောက် အတွက် ကြောင့် ဆိုရင်တော့ သိပ်ကို ရင်နာစရာကောင်းပါတယ်။ ဒါကို အရေးမယူသေးပဲ လက်ပိုက် ကြည့်နေတဲ့ အစိုးရအနေနဲ့ဆိုရင် ပိုပြီး ရင်နာစရာကောင်းပါတယ်။ အာဏာရလိုမှုနဲ့ မြန်မာ့ယဉ်ကျေးမှု မြို့တော်ကြီး သွေးကြောင်းစီး မီးကြီးလောင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ် ဆိုရင် ပိုပြီး ရင်နာစရာကောင်းပါတယ်။ ဒါတွေတင်လား မဟုတ်ပါဘူး။ အဓိကရုဏ်းတိုးပွား လာခြင်းကိစ္စဟာ အစိုးရတစ်ခုထဲ နဲ့တော့ မဟုတ်ပါဘူး။ အစိုးရက အဓိကရုဏ်းတစ်ခုဖြစ်အောင် ဖန်တီးတယ်ဆိုရင်တောင် ပြည်သူက ဒါဟာ ဖန်တီးနေပြီဆိုတာ သိရမယ်။ ရန်အချင်းချင်း မတုံ့ပြန်ပဲ ကိုယ်ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကိုပဲ ဖိအားပေးရမယ်။
“ အစိုးရတစ်ရပ်ကို တိုင်းပြည် ပြည်သူလူထုကပဲ ရွေးချယ်တင်မြောက်ခဲ့တာလေ။ ပြည်သူက မရွေးချယ်တဲ့ အစိုးရတစ်ရပ်ဆိုရင်တော့ ပြည်သူကို ဘယ်ပြန်ကြည့်မှာ မဟုတ်ဘူး။ ”
အဲလိုမဟုတ်ပဲ ချဲကြမယ် ချမယ် ဆော်မယ်ဆိုတဲ့ စိတ်တွေနဲ့ဆိုရင်တော့ ပိုကြီးထွားလာနိုင်တာပေါ့။ ဒီလိုကြီးထွားလာရင် ဘယ်သူနစ်နာမလဲ ကျွန်တော်တို့ နိုင်ငံတော်ကြီးပဲ နစ်နာမယ်။ နှစ်ပေါင်း (၆၀) အာဏာရှင်လက် အောက် ။ နှစ်ပေါင်း တစ်ရာကျော် တိုင်းတစ်ပါးလက်အောက် ကျခဲ့ပြီး နလန်မထူနိုင်တဲ့ စီးပွားရေး ။ လူမှုရေး။ ပညာရေး။ ကျန်းမာရေး။ အတွေးအခေါ်။ အတတ်ပညာ အစုံအစုံပါပဲ။ ယနေ့ ကမ္ဘာမှာ သူများ နောက်ကျန်နေခဲ့တာ မိုင်ပေါင်းများစွာပါပဲ။ ဒီနေ့ ဒီမိုကရေစီခေတ်ကို ဦးတည်နေတယ်ဆိုရုံလေးကို လမ်းလွှဲနေသူတွေ ရှိနေတာကို သတိထားပြီး သူတို့ ခင်းပေးတဲ့ လမ်းလွှဲကို မလိုက်မိပါစေနဲ့ ဥပဒေနဲ့သာ ဖြေရှင်းဖို့ လက်ရှိအစိုးရကို ကျွန်တော်တို့တွေ ဖိအားပေး စေခိုင်းကြရင် အစိုးရအနေနဲ့လည်း ပြည်သူတွေရဲ့ ဆန္ဒနဲ့ အကြံဥာဏ်ကို လက်ခံပေးမယ်ဆိုရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ဂုဏ်ယူ မြတ်နိုး တန်းဘိုးထားနေရတဲ့ မန္တလေးမြို့ကြီး အမြန်ဆုံး ပြန်လည် ငြိမ်းချမ်းမယ်လို့ သုံးသပ်မိပါတယ်။ အမြန် ငြိမ်းချမ်းဖို့ ပြည်သူနဲ့ အစိုးရ တစ်သားထဲ အမြန် ကျနိုင်ပါစေ…. ။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment