Tuesday, November 25, 2014

တိုင်းပြည်အနာဂတ်အရေးမို့ ပညာရေးကဏ္ဍ လက်ညှိုးထိုး အကြံပြုချင်ပါသည်။

သူရ(ကလေး) ပညာရေးဝန်ကြီးဌာန၏ ဆရာ ဆရာမများ အပြောင်းအရွှေ့ကိစ္စ စီမံမှု အားနည်းခြင်းများရှိသောကြောင့် ဒေသ အတော်များများက ကလေးငယ်တွေရဲ့ ပညာရေး ထိခိုက်နေတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၏ ကျောင်းပညာရေးသည် ဆရာဗဟိုပြု စနစ်မှ ယခုနောက်ပိုင်း ကလေးဗဟိုပြု သင်ကြားနည်းစနစ်ကို ပြောင်းလာသည်ဆိုသော်လည်း ဆရာများအနေဖြင့် ကလေးငယ်များ၏ အရည်အသွေးအား ကောင်းစွာ ရုပ်လုံးပေါ်အောင် မမြင် မကြည့်တတ်သေးသည်ကာ ပြဿနာ မဟုတ်ပါ။ အဲဒီ ပြဿနာကို ကျွန်တော်တို့ ဘယ်လိုသွားမလဲ ဆိုတာကို အဖြေရမည့် ကိစ္စသည်သာ အဓိကဖြစ်နေသည်။ အရင်က ကျနော့်ကလေးကို အိမ်ရောက်တာနဲ့ စာသင်ပေးစရာမလိုဘူး။ သူ စာဖတ်တတ်တယ်။ အခု သူ့ဆရာမ ပြောင်းသွားလို့ အစားထိုးမရောက်သေးပဲ အခြားဆရာမကို ကိုယ်တိုင်သွားအပ်တာ ကလေးက ပြောတယ် အဲဒီဆရာမ သင်တာ နားမလည်ဘူးတဲ့။ ဒါဟာ အထူး ဂရုပြုသင့်စရာ အချက်တစ်ချက်လို့ ကျနော်မြင်မိပါသည်။ ကျနော်တို့ ချင်းပြည်နယ်မှာဆိုရင် အားလုံး သိသင့်သလောက်သိကြသည်။ ကလေးငယ်များကို သင်ကြားမည့် ဆရာ ဆရာမများ ဘာသာစကား အခက်အခဲဖြစ်သည်။ ပညာရေးဝန်ကြီးဌာနကလည်း ဆရာမတွေ ဆရာတွေကို လစာ ဆတိုးပေးပြီး စေတနာထား လုပ်ဆောင်ကြသည်။ သို့သော် အဆင်ပြေပါသလားလို့ မေးလျှင် အဆင်မပြေပါဟုသာ အဖြေထွက်နေလိမ့်မည်ဖြစ်သည် ပြဿနာ တစ်ရပ် သို့ မဟုတ် အခက်အခဲတစ်ခု ဖြစ်တိုင်း မေးခွန်းမေးရန် အဖြေရှာရန် လိုအပ်ပါသည်ဆိုလျှင် လူတိုင်းသိသည့်ကိစ္စဖြစ်သည်။ သို့သော် ဘယ်လို အဖြေရှာမလဲ။ ဘယ်လို မေးခွန်းကို ဖြေရမလဲ။ သိချင်မှ သိလိမ့်မည်။ ကျနော်သာ ပညာရေးဌာနမှ လုပ်ပိုင်ခွင့်ရှိသူ တစ်ဦးသာ ဖြစ်ခဲ့လျှင် ဒါဟာ ဘာကြောင့်လဲ ဟု ကျနော်ကို ကျနော် မေးဖြစ်မည် ဖြစ်သည်။ သို့သော် အဖြေကို ကျနော် ကောင်းစွာ မရရှိနိုင်သည်များလည်း အများအပြားရှိလိမ့်မည်ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲသော ကိစ္စပင်။ ဘာကြောင့်လဲလို့ ထပ်မေးလျှင် နေရာတိုင်း၏ ဓလေ့စရိုက်နှင့် ပတ်ဝန်းကျင် ဒေသန္တရ ဗဟုသုတနှင့် အလုံးစုံ ကိုက်ညီအောင် ကျနော် သိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ချင်းပြည်နယ်ကို ဆရာသွားလုပ်ရမယ်။ လစာ (၂) ဆရတယ်။ ဒါပေမယ့် ပျင်းစရာကြီး သူတို့တွေကို စာသင်ရမှာ သူတို့ စကားကိုက နားမလည် ကိုယ့်စကား သူတို့က နားမလည်နဲ့ အစပိုင်းတော့ ဒုက္ခတွေ့ဦးမှာပဲ လို့ သူငယ်ချင်း ဆရာမ အသစ်ကလေးတစ်ယောက်က ပြောဖူးသည်။ မှန်သည်။ မည်သည့်အလုပ်မဆို အစပိုင်းမှာ အခက်အခဲ အတားအဆီးဆိုတာ ရှိစမြဲဖြစ်သည်။ ချင်းပြည်နယ်သည် ကျနော့် မျက်စိရှေ့မှာ ရှိနေသဖြင့် ချင်းပြည်နယ်ကို အခြေခံပြီး တင်ပြနေခြင်းသာဖြစ်သည်။ ချင်းပြည်နယ်တွင် ဆရာမလေးများ ဆရာများ စာသင်လာကြသည်။ ခုနကပြောသလို အစပိုင်းမှာ ကလေးတွေက ဗမာစကားနားမလည်တော့ သူတို့စိတ်မ၀င်စား လုပ်ချင်တာလုပ် နေချင်သလို နေကြပေလိမ့်မည်။ သို့အတွက် သင်ကြားရသော ဆရာများအနေဖြင့် ဒေါသထွက်သူက ထွက် စိတ်ညစ်သူက စိတ်ညစ် ချင်းပြည်မှာ စာသင်နေရတာ ပျင်းတယ်ကွာ။ မြေပြန့်ကိုပဲ ပြောင်းတော့မယ် ဖြစ်လာသည်။ သို့သော် သူတို့အဖို့ နိုင်ငံတာဝန်ထမ်းနေသော ၀န်ထမ်းများဖြစ်သည့်အတွက် သူ့သဘောနှင့်သူ ပြောင်းချင်တိုင်း ပြောင်းလို့ မရ။ သို့အတွက် ကြိတ်မှိတ်ကာ စာသင်ကြရသည်။ ဒီလိုနှင့် ဘာမှန်းမသိ စာသင်နှစ် တစ်နှစ်လောက် ကျော်ဖြတ်ပစ်လိုက်ကြသည်။ သို့သော် စာသင်နှစ် တစ်နှစ် ပြီးဆုံးသည်နှင့် ဆရာတွေ ဒေသ ဘာသာစကား ဒေသရိုးရာ ဒေသ ဓလေ့ကို အတော်အတန်ရင်းနှီးလာကြပေသည်။ သို့အတွက် ဒုတိယ စာသင်နှစ်မှာ ပထမနှစ်ကလောက် ဆရာတွေ မခက်ခဲကြတော့တာ တွေ့လာရသည်။ ကလေးတွေနဲ့ သဟဇာတဖြစ်လာသည်။ ဓလေ့ ဘာသာ စကားအနည်းငယ်ကို တတ်ကျွမ်းလာသည်။ ပျော်လာသည်။ သို့သော် ဆရာတွေ ပျော်လာပြီ ကလေးတွေနဲ့ အံဝင်ခွင်ကျဖြစ်လာပြီဆိုတော့ ဒီဆရာတွေ ဆရာမတွေ ပြောင်းရွေ့ဖို့ တာဝန်ကျလာသည်။ ပြောင်းရွေ့ဖို့ တာဝန်ကျတာက နှစ်ကုန်ပိုင်းဆိုရင် တော်သေးသည်။ စာသင်နှစ် အလည်မှာ ပြောင်းရွေ့ခွင့်ပေးခြင်းက ပညာရေးဌာနတွေအတွက် အမှားကြီးမှားသည့် လုပ်ရပ်ဖြစ်ကြောင်း သုံးသပ်မိသည်။ ကလေးတွေက သူ့ဆရာနဲ့သူ ပထမနှစ်ဝက်ကို အောင်မြင်စွာ နေသားတကျဖြစ်ခါနီးအချိန် ကျော်ဖြတ်ခဲ့ချိန်တွင် ကိုယ်နှင့် သဟဇာတဖြစ်လာသည့် ဆရာက အပြောင်းအရွေ့ကျလာပြီး အခြားတစ်ယောက်ရောက်လာတော့ ကလေးငယ်လေးတွေခဗျာ စာသင်ခုံပေါ် တက်ထိုင်သူက ထိုင် အချင်းချင်း စကားပြောသူက ပြော ရှေ့က ဆရာ အသစ်ပြောတာ နားမလည် နားမလည်တော့ စိတ်မ၀င်စား။ ဒီလိုနဲ့ စာသင်နှစ် တစ်ခုရဲ့ အရှိန်အဟုန်ကို တိကနဲ့ ဖြတ်ချပစ်လိုက်သလိုမျိုးဖြစ်သွားသည်။ ချင်းပြည်နယ်ရှိ ကျောင်းများတွင် ဆရာများ စာသင်ရန် နိုင်ငံတော် အစိုးရ ပညာရေးဝန်ကြီးဌာနမှ သုံးနှစ်ခန့် ဆရာ ဆရာမများအား စေလွှတ်ကြသည်။ ဆရာများဘက်မှ နေ၍ ကိုယ်ချင်းစာပေးသော်လည်း ဆရာများအနေဖြင့် ခေါင်ဖျားသည့် နေရာများတွင် ဘယ်ဆရာနေချင်ပါမည်နည်း ကိုယ်ချင်းစာမိပါသည်။ သို့သော် ဆရာဟူသည်မှာ စေတနာ ၀ါသနာ အနစ်နာ နာသုံးနာကျေရမှ လုပ်ရတာ အဆင်ပြေမည့် အလုပ်ဖြစ်ကြောင်း ရှေးကတည်းက ဆရာတိုင်း သိကြ လက်ခံကြရမည်ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် တကယ်ဝါသနာ စေတနာ အနစ်နာ မခံချင်လျှင် အစကတည်းက ဆရာမလုပ်ရန် တိုက်တွန်းချင်ပါသည်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တစ်ခု တည်ဆောက်ရာမှာ ကလေးတွေက အဓိကဖြစ်သည်။ ကလေးငယ်များသည် တိုင်းပြည်၏ အနာဂတ် အစစ်များဖြစ်ကြောင်း ယုံကြည့်နိုင်ရမည်။ သို့အတွက် ကလေးငယ်များကို ပညာတွေ သင်ပေးကြမည့် ဆရာများသည်လည်း တိုင်းပြည်အနာဂတ်အတွက် အရမ်းကို အရေးပါသည့် တိုင်းပြည်တာဝန်ကို ထမ်းရပါမည်။ နိုင်ငံတော် အစိုးရက ၀န်ဆောင်မှု အပြည့် မပေးတော့ ဘယ်လုပ်နိုင်မလဲ ဆိုသည့် ဆရာများပင် ဒုနဲ့ဒေး ကြားဖူးပါသည်။ ဒါလည်း အမှန်ဖြစ်ခဲ့သည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ သို့သော် ယခုဆိုလျှင် နိုင်ငံတော်ကလည်း ဆရာများအတွက် လစာကို တစ်နေ့ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေရတဲ့ ဆင်းရဲသားပြည်သူများထက် အဆင့်မီအောင် ပေးနေပြီဖြစ် ဖြစ်သည်။ သို့အတွက် ဆရာများ တာဝန်ကျေစေချင်ပါသည်။ ဒါသည်ကား မပါလျှင် မပြည့်စုံသောကြောင့် ထည့်ပြောမိသည့် ဆရာများ အခန်းကဏ္ဍဖြစ်ပါသည်။ အစကပြောခဲ့သလို ပညာရေးဌာနက ဆရာတွေ အပြောင်းအရွေ့မှာ ကလေးငယ်တွေကို အခြေခံ တွေးပြီး စနစ်တကျ လုပ်ဆောင်မှသာ ကလေးငယ်တွေအတွက် ပညာရေးဟာ ကျောင်းနေပျော်ပြီး စာတော်မည်ဖြစ်ပါသည်။ တချို့ကျောင်းများဆို ပထမနှစ်ဝက်မှာတင် ဆရာမတွေ တစ်သုတ်ကြီး ပြောင်းရွေ့ပစ်သည်။ ၄င်းဆရာမများ နေရာတွင် အစားထိုးရန်အဖို့ကျတော့ ပညာရေးဌာနက ဘယ်အချိန် အစားထိုးပေးပို့မည်မသိ။ ဆရာ အခက်အခဲ အများအပြားကြုံရသည်။ နောက်ပြီး ဒေသနှင့် ကိုက်ညီပြီး သဟဇာတဖြစ်အောင် နေတတ်ထိုင်တတ် အခြေအနေရောက်လာတော့ ချက်ခြင်းကြီး ပြောင်းပစ်သည်ကိစ္စကလည်း ကလေးငယ်များ ပညာရေးကို လွန်စွာမှ ထိခိုက်ကြောင်း တွေ့ရသည်။ ဒီအခက်အခဲက မြန်မာပြည်မြေပြန့် ဗမာတိုင်းရင်းသား အများစုမှာတော့ အခက်အခဲ ဖြစ်ချင်မှ ဖြစ်မည်။ အခြား ဘာသာစကားကွဲ တိုင်းရင်းသား အနည်းစု ပြည်နယ်များမှာတော့ တကယ်ကို ကလေးတွေ ပညာရေးထိခိုက်လွန်းလှသည်ဟု ထင်မြင်မိပါသည်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်မည်ဆိုလျှင် အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို ယုံကြည်မှု အပြည့်အ၀ထားပြီး စီမံခန့်ခွဲမှုများအား ကွင်းဆင်းကာ ဆုံးဖြတ်သင့်နေပြီဖြစ်ပါသည်။ ဒေသဆိုင်ရာ ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ယခင် အစိုးရခေတ်က ပုံစံအတိုင်း ကျောင်းစစ်ဆေးရေး မြို့နယ်ပညာရေးက လာတော့မယ် ခရိုင် တိုင်း ပြည်နယ် လာတော့မယ်။ အကုန်ရှင်း အကုန်မြင်ကောင်းအောင် ခဏလေးနဲ့ ကံရာဇာငယ်လို အနွယ်တွေနဲ့ ဘုရားတည်သလို လုပ်ရမယ့် အချိန်က ခေတ်နောက်ကျန်ခဲ့ပါပြီလို့ ပြောချင်ပါသည်။ ဒါတွေလည်း မလိုအပ်တော့ကြောင့် နောက်မှာ ကျန်ရစ်ခဲ့သည့် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အမှတ်စဉ်က သက်သေပြနေပြီဖြစ်ပါသည်။ ကျောင်းအုပ်လုပ်သူကလည်း ရာထူးတိုးအောင် တစ်ခုခုဆို အဆူအငေါက် မခံရအောင် ဟန်ဆောင်မှုတွေလုပ် ဒါတွေလည်း နားသင့်ပါပြီ။ အထက်အရာရှိတွေကလည်း ဘာတဲ့ဆို အောက်ကို ခွနင်းတာမျိုး ထုထောင်းရာထူးချ ဒဏ်ခတ် တာမျိုး ဒီခေတ်မှာ မရှိသင့်တော့ပါဘူး။ ရှိလည်း မရှိတော့ပါဘူး။ အထက်လူဆိုတာ ခေါင်းဆောင်ပါ။ အမှန်တရားကို မြင်အောင်ကြည့်ပြီး ပြဿနာဇစ်မြစ်ကို မြင်အောင်ရှာပြီး ၀ိုင်းကာဝန်းကာဖြင့် ဖြေရှင်းကြဖို့လည်း အထူးကို လိုအပ်နေပါပြီ။ ဒီတော့ ဘာဖြစ်လဲ။ သို့အတွက် တိုင်းပြည် အနာဂတ်အရေးမို့ ပညာရေးကဏ္ဍကို လက်ညှိုးထိုးပြရလျှင် တိုင်းပြည်၏ အနာဂတ် ရင်သွေး အမြုတေ ကလေးငယ်လေးများအရေးကို အားလုံးပူးပေါင်းပြီး တကယ် ဗဟိုပြု စဉ်းစားပြီး ဆရာ ဆရာမတွေ အပြောင်းအရွေ့ကို သေချာစွာ ကိုင်တွယ်ပေးကြပါလို့ အကြံပြု ပြောကြားလိုက်ရပါသည်။ သူရ (ကလေး)

No comments:

Post a Comment