Thursday, March 27, 2014

ဂေါ်ရခါးလူမျိုးတချို့ မြန်မာနိုင်ငံလုံးကျွတ်၂၀၁၄ သန်းခေါင်စာရင်းလူမျိုးထည့်သွင်းရာ၌ နီပေါကုဒ်တွင် မထည့်လိုပဲ အခြားကုဒ်တွင်သာ ဂေါ်ရခါးဟု ထည့်သွင်းလို

မြန်မာနိုင်ငံတွင်း နေထိုင်သူ နီပေါအနွယ်ဝင် ဂေါ်ရခါးလူမျိုး တချို့ ၂၀၁၄ သန်းခေါင်စာရင်း၌ လူမျိုးဟု ဖြည့်စွက်ရမည့်နေရာတွင် ဂေါ်ရခါးဟုသာ ထည့်သွင်းလိုကြောင်း သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူ ဓမ္မအဖွဲ့ချုပ်(မန္တလေး) ဗဟိုအဖွဲ့ချုပ် အသိပညာပေးရေး အဖွဲ့မှ မြန်မာနိုင်ငံသား ဂေါ်ရခါးလူမျိုးများအား ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုတွင် လူမျိုးဟု ဖြည့်စွက်ရမည့်နေရာ၌ နီပေါ်ဟု ထည့်ရေးရန် သတိပေးကြေငြာချက်တစ်စောင် ထုတ်ပြန်ပြီး နောက်ပိုင်း ယခုကဲ့သို့ လူမျိုးအချင်းချင်းအကြား ၀ါဒကွဲလာရကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကလေးမြို့နေ ဂေါ်ရခါးလူမျိုးတစ်ဦးဖြစ်သူ ကိုမောင်လေးက“ ကျွန်တော်က နီပေါလို့ မထည့်ချင်လို့ပြောတာမဟုတ်ပါဘူး။ နီပေါလို့ ထည့်လိုက်ရင် ကျွန်တော်တို့ ဂေါ်ရခါးလူမျိုးဆိုတာ ပျောက်သွားပြီ။ မြန်မာနိုင်ငံမှာ ဂေါ်ရခါးဆိုတာ သမိုင်းရော လူမျိုးပါ ကောင်းကောင်းမွန်မွန်နဲ့ရှိခဲ့တယ်။ ၂၀၁၄ သန်းခေါင်စာရင်းကောက်ပြီတာနဲ့ ဂေါ်ရခါးလူမျိုးဆိုတာ ပျောက်သွားမှာ စိုးရိမ်တယ်။ ကျွန်တော်တို့ကို သူတို့ သတိပေးကြေငြာချက်က အတင်းအဓမ္မဆန်ဆန် ခိုင်းနေတယ်“လို့ပြောသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူ ဓမ္မအဖွဲ့ချုပ်(မန္တလေး) ဗဟိုအဖွဲ့ချုပ် အသိပညာပေးရေး အဖွဲ့မှ မြန်မာနိုင်ငံသား ဂေါ်ရခါးလူမျိုးများအားထံသို့ သတိပေးကြေငြာချက် တစ်စောင်အား ဂေါ်ရခါး ဘာသာဖြင့် ထုတ်ပြန်ခဲ့ပြီး သတိပေးကြေငြာချက် နီပေါ မိဘပြည်သူအပေါင်းတို့ ခင်ဗျား ၂၀၁၄ ခုနှစ် မတ်လ (၃၀) ရက်မှ ဧပြီလ (၁၂) ရက်ထိ နိုင်ငံတော်မှ ကောက်ယူမည့် သန်းခေါင်စာရင်း လူမျိုးနေရာတွင် နီပေါဟူ၍ ရေးပေးကြပါရန် ၊ ကိုးကွယ်ရာဘာသာတွင် မိမိယုံကြည်ရာဘာသာ ရေးသွင်းနိုင်ပါသည်။ ဂေါ်ရခါးဟု ရေးသွင်းလျှင် အခြားလူမျိုးနှင့် ရောထွေး မှားနိုင်ပါသဖြင့် နီပေါဟူ၍သာ ရေးသွင်းရပါမည်။ ဗဟိုအဖွဲ့ချုပ် အသိပညာပေးရေးအဖွဲ့ဟု မြန်မာလို အဓိပ္မါယ်ရကြောင်း သိရသည်။ သတိပေးကြေငြာစာသည် မည်သည့်နေ့စွဲနှင့် ထုတ်ပြန်ခဲ့သည်ကို သိရှိရခြင်း မရှိသော်လည်း ၂၃.၃.၂၀၁၄ ရက်နေ့က ကလေးမြို့ စန္ဒီမယ်တော် ကျောင်းဝင်းအတွင်းရှိ ရုံးခွဲတွင် အစည်းအဝေးဆင့်ခေါ်၍ ဂေါ်ရခါးလူမျိုးများအား နီပေါလူမျိုးဟု ထည့်သွင်းရေးဖြည့်ကြရန် တိုက်တွန်းခဲ့ဟု ကိုမောင်လေး ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူ ဓမ္မအဖွဲ့ချုပ်(မန္တလေး) ဗဟိုအဖွဲ့ချုပ် အသိပညာပေးရေး အဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။ သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ) တွင် သန်းခေါင်စာရင်းကောက်ယူသည့်အခါ မမှန်မကန် ဖြေဆိုစေရန် မေးခွန်းဖြေဆိုမည့်သူအား တိုက်တွန်းခြင်း ခြိမ်းခြောက်ခြင်း သို့မဟုတ် သွေးဆောင်ဖျားရောင်းခြင်း မပြုရ။ ပုဒ်မ ၁၄။ ၁၅။ ၁၆။ ပါ တားမြစ်ချက်အား တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟုလည်း သန်းခေါင်စာရင်းဥပဒေတွင် ပါရှိသည်။ ချစ်သူမောင်

No comments:

Post a Comment