Thursday, March 27, 2014
အဖွဲ့အစည်းအတွင်း သန်းခေါင်စာရင်းကောက်ခံမှုတွင် ပညာအရည်အချင်း ဆိုသည့်မေးခွန်းအား မေးရန် အခက်ခဲရှိ
ရန်ကုန် မတ်လ (၂၆)
၂၀၁၄ နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုတွင် အဖွဲ့အစည်းအတွင်း သန်းခေါင်စာရင်းကောက်ယူရာ၌ နိုင်ငံခြားသားများအား ပညာအရည်အချင်းနှင့် ပတ်သက်သည့် မေးခွန်းတွင် အနည်းငယ် အခက်အခဲနှင့် ကြုံရမည်ဖြစ်ကြောင်း Green Hall ဟော်တယ်မှ ကိုစိုင်းမွန်မှ ပြောသည်။
သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ ထုတ်ဝေထားသော ပညာပေးစာအုပ်များတွင် အိမ်ထောင်စုများအတွက် အပိုင်းခွဲကာ မေးခွန်း (၄၁) ချက် ပါရှိပြီး အဖွဲ့အစည်းအတွက် မေးခွန်း (၁၁) ချက် ရေးဆွဲထားကာ ဟော်တယ်လို အဖွဲ့အစည်းများတွင်တော့ လာရောက်တည်းခိုသူများအား မေးခွန်း (၄) ချက်သာ ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုင်းမွန်က “ကျွန်တော်တို့ ဟိုတယ်တွေမှာ ဆိုရင် အမည်၊ အသက်နဲ့ ကျား/မ လောက်ဆိုရင် လုံလောက်မယ်လို့ ထင်ပါတယ်။ ဒါတွေကလည်း မှတ်ပုံတင်မှာ ပါတယ်လေ။ ပညာအရည်အချင်းတို့ကို မေးရမယ့် မေးခွန်းကတော့ ခက်မယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံခြားသားဆိုရင် သူတို့ပညာရေးနဲ့ ကိုယ့်ဒေသနဲ့လည်း ကွာတယ်လေ။ နောက်ပြီး ကိုယ့်နိုင်ငံနဲ့လည်း ဘာမှ မဆိုင်သလိုပဲ။ ခင်ဗျား ဘယ်နှစ်တန်းအောင်လဲ လို့ မေးရင် နိုင်ငံခြားသားမဟုတ်ဘူး ကိုယ့်နိုင်ငံက လူတွေတောင် မဖြေချင်ဘူး။ နိုင်ငံခြားသားဆိုရင် ပိုခက်ခဲတာပေါ့။ အဲဒါတစ်ချက် ခက်ခဲတာပါ။ ပြည်တွင်းက ဧည့်သည်ပဲ ဆိုရင်တော့ သေချာရှင်းပြပြီး မေးရင် ရနိုင်မယ်။ ဒါ့ကြောင့် နိုင်ငံခြားသားတွေကို ပညာအရည်အချင်း မေးခွန်း မမေးတော့ဘူး“ လို့ ပြောသည်။
ဗိုလ်တထောင်မြို့နယ် လ၀ကမှူး ဒုဦးစီးမှူး ဦးမြင့်ဌေးက“ ဟိုတယ်တွေကို သင်တန်းခေါ်တယ်။ မလာရင် သွား အသိပညာပေးတယ်။ မှန်ကန်တဲ့ စာရင်းဇယားတွေ ရဖို့ လိုတယ်လေ။ နိုင်ငံခြားသားကို မေးတာတွေမှာ အခက်အခဲ ရှိပေမယ့် ဒီအခက်အခဲတွေကို တတ်နိုင်သမျှ ဖြေရှင်းသွားမှာပါ“ လို့ ပြောသည်။
လ၀ကမှူး ဦးခင်ဇော်စိုး (လူဝင်မှုကြီးကြပ်ရေးမှူး- ရွှေသောင်ယံမြို့နယ်ခွဲ ဦးစီးဌာနမှူး)က “လက်ရှိ ဟော်တယ်တွေမှာ ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကလည်း ယဉ်ကျေးသိမ်မွေ့ပါတယ်။ သူတို့လည်း နိုင်ငံတကာ စံနှုန်းနဲ့ နေတတ်တဲ့ ၀န်ထမ်းတွေ ဖြစ်တဲ့အတွက် ဒီအပိုင်းမှာ ပြဿနာမရှိဘူးလို့ ယုံကြည်ပါတယ်“လို့ပြောသည်။
အဖွဲ့အစည်းတွင် ဟော်တယ်များ အင်းများ ဆေးရုံများ ဘာသာရေး အဆောက်အဦများကို အဖွဲ့အစည်းတွင် ယာယီ/သက်တမ်းတိုးအဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားပြီး ရဲစခန်း၊ စစ်တပ် စသည်များကို အတည်တကျ/သက်တမ်းရှည် အဖွဲ့အစည်းများ ဟူ၍ (၂) မျိုးခွဲထားသည်။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment