Sunday, July 13, 2014

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်၏ အပြည်ပြည်ဆိုင်ရာဒေသ သက်မှတ်ချက် ကဘော်လူထုမှ လက်မခံကြောင်း ဆန္ဒဖော်ထုတ်



ဇူလိုင်(၁၃)၊ကလေး။

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် နှင့် မြန်မာနိုင်ငံ အစိုးရ နယ်စပ်အကြား အပြည်ပြည်ဆိုင်ရယ် နယ်နိမိတ် သတ်မှတ်ရန် စီမံကိန်းအပေါ် ကလေးကဘော်ဒေသ အရပ်ဖက်အဖွဲ့အစည်းများမှ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတစ်ရပ်အား ဇူလိုင်လ (၁၃)ရက်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သော အထက်ချင်းတွင်းကွန်ရက်(ကလေး) မှ ကိုစည်သူထွန်းက “ အိန္ဒိယအစိုးရက မဏိပူပြည်နယ် မိုးရေးမြို့ အရှေ့မြောက်ဘက် ဒေသတချို့ကို အပြည်ပြည်ဆိုင်ရာနယ်မြေဒေသအဖြစ် သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ထုတ်ပြန်ချက်တစ်ခုထုတ်ထားကြောင်း ကျွန်တော်တို့ သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ ဒါဟာ ကျွန်တော်တို့ဒေသခံတွေ ကျွန်တော်တို့  နိုင်ငံသားတွေအတွက် စိုးရိမ်ဖွယ် ကိစ္စတစ်ခုဖြစ်တဲ့ ထုတ်ပြန်ချက်တစ်ခုပါ။ ဘာလို့လည်းဆိုတော့ ဒီ အိန္ဒိယမြန်မာ နယ်နိမိတ် ဘော်ဒါလိုင်း ကိစ္စဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ဒီဇင်ဘာလတုန်းကလည်း အိုင်ပီစီ ရုံးဆောက်နေမှု ကိစ္စနဲ့ နယ်မြေ ပိုင်ခြားမှု မရှင်းမရှင်းဖြစ်လို့ ကလေးရယ် တမူးရယ် မင်းကင်းရယ် ဆန္ဒဖော်ထုတ်ခဲ့ပါသေးတယ်။ အခုလည်း အိန္ဒိယ အစိုးရက သတ်မှတ်မယ့် မိုးရေးမြို့ အရှေ့မြောက်ဘက် ဒေသတချို့ဆိုတာ ဘယ်နေရာတွေလည်း ကျွန်တော်တို့ နိုင်ငံ နယ်နိမိတ်ထဲမှာ ပါသလား။ ဒါဟာ အရမ်းစိုးရိမ်စရာ ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကလေး ကဘော်ဒေသမှာ ရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံချစ်တဲ့သူတွေက ဒီကနေ့ ဆန္ဓ ဖော်ထုတ်ပွဲ ပူးပေါင်း ကျင်းပကြတာပါ”  လို့ Pouplar News သို့ ပြောကြားခဲ့သည်။
ဇူလိုင် (၁၃) ရက် ဆန္ဒဖော်ထုတ်ပွဲအား နံနက် (၉း၀၀) နာရီတွင် ကလေးမြို့ မြို့ချက် ကျောင်းမှ အိန္ဒိယ - မြန်မာ ချစ်ကြည့်ရေး လမ်းဆုံဖြစ်သည့် ဖောင်ကူးရွာဟောင်းအထိ (၃) မိုင်ခန့် လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ဆန္ဒဖော်ထုတ်ပွဲတွင် အထက်ချင်းတွင်းဒေသလူငယ်ကွန်ရက် (ကလေး)၊ နေရဉ္စရာလူငယ်ကွန်ရက်(ကံကြီး)၊ အင်ဒိုင်းကြီး၊ ကလေးမြို့ မဘသ၊ မင်္ဂလာဥယျာဉ်စာသင်တိုက်၊ ဗမာ မိသားစု၊ မီးအိမ်ငယ် နာမှုကူညီရေး၊ နေသာ နာမှုကူညီရေးနှင့် ကလေး ဆိုရှယ် နက်ဝပ် တို့မှ ပါဝင်ခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံကြီးဆိုတာ ပြည်သူအားလုံးနဲ့ ဆိုင်တဲ့နိုင်ငံ ကျွန်တော်တို့အားလုံးနဲ့ဆိုင်တဲ့နိုင်ငံဆိုတာမျိုးက ရေမြေတောတောင် အားလုံးပေါ့ဗျာ။ ဒီလို ပိုင်ဆိုင်တဲ့ ဟာကို တခြား တိုင်းတပါးက ကျူးကျော် စော်ကားတယ်ဆိုရင်တော့ ကျွန်တော်တို့ လက်ခံလို့ မရပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ မွေးရာပါ အခွင့်အရေးပါ ဒီအခွင့်အရေးအနေနဲ့ ဒီ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင် ဆန္ဒဖော်ထုတ်ခဲ့တာပါလို့ “ ကလေးဆိုရှယ်နက်ဝပ်မှ ကိုလှိုင်ထွန်းကလည်း Pouplar News သို့ ပြောကြားခဲ့သည်။
ယခုလက်ရှိ အိန္ဒိယအစိုးရမှ သတ်မှတ်ရန် လျာထားသော အပြည်ပြည်ဆိုင်ရာ နယ်မြေအဖြစ် သတ်မှတ်သည့် နေရာသည် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် အငြင်းပွဲခဲ့သော မိုးရေးမြို့ အရှေ့မြောက်ဘက် မြန်မာ အိန္ဒိယ နယ်စပ် ဟောင်လင်းဖိုင်ကျေးရွာနှင့် အနီးတစ်ဝိုက် ဒေသများဖြစ်ကြောင်း ဟောင်လင်းဖိုင်ကျေးရွာသည် နှစ်နိုင်ငံ နယ်စပ်မျဉ်း စိုက်ထူခြင်း မပြုရသေးသော မှတ်တိုင် ၇၆ နှင့် စိုက်ထူပြီးသော မှတ်တိုင် ၇၇ ကြားတွင် တည်ရှိသည်ဟု သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သော နေရဉ္စရာလူငယ်ကွန်ရက်မှ ကိုလှိုင်မျိုးဝင်းကလည်း “ ဒါဟာ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ။ ရှေ့ဆက်ပြီးလည်း ဘယ်အရပ်ဖက်အဖွဲ့အစည်းပဲဖြစ်ဖြစ် အစိုးရပဲဖြစ်ဖြစ် သမိုင်းကပြောသွားတဲ့အတိုင်း သမိုင်းဝင် သူရဲကောင်းကြီးတွေကအစ ကာကွယ်ခဲ့တဲ့ ကိုယ့်မြေကို တခြား တိုင်းတပါးကနေပြီးတော့မှ ကျူးကျော်တာကို စောင့်ရှောက်ကာကွယ်ရမယ့် အရေးမှာတော့ ကျွန်တော်တို့လည်း ပါဝင်သင့်တယ်လေ။ ဒါ့ကြောင့် ဆန္ဒဖော်ထုတ်ပွဲ အတူပါဝင်ဆင်နွှဲခဲ့တာပါ “လို့Pouplar News သို့ ပြောကြားခဲ့သည်။
ပြည်နယ်အစိုးရမှ ထုတ်ပြန်ချက်တွင် မဏိပူပြည်နယ် အစိုးရမှ မြန်မာ - အိန္ဒိယ နယ်စပ် မိုးရေးမြို့အနီး ဟောင်လင်းဖိုင်ကျေးရွာအနီး မြေဧက ပေါင်း (၃၀၀၀) ကျော်အား အပြည်ပြည်ဆိုင်ရာ နယ်မြေအဖြစ် သတ်မှတ်ရန် လျာထားကြောင်း ပါဝင်သည်ဟု သိရသည်။
ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်ခဲ့သော ကလေးမြို့ မင်္ဂလာဥယျာဉ် စာသင်တိုက် ဆရာတော် ဦးပဏ္ဍ၀ံသ မှ လည်း “ဒီနိုင်ငံမှာနေတဲ့ ဒီနိုင်ငံသာ ဘုန်းကြီးတစ်ပါးအနေနဲ့ တာဝန်ရှိပါတယ်။ တိုင်းတပါးက ကိုယ့်မြေ ကိုယ်ရေပေါ် ကျူးကျော်လာခဲ့ရင် ပြတ်ပြတ်သား လုပ်ရမှာပဲ။ ဘယ်လိုမှ လက်မခံဘူး” လို့ Pouplar News သို့ ပြောကြားခဲ့သည်။
မြန်မာ - အိန္ဒိယ နယ်စပ်ပြဿနာများနှင့် ပတ်သက်ပြီး ကဘော်ဒေသနေ အရပ်ဖက်အဖွဲ့အစည်းများမှလည်း ပူပေါင်းကာ သဘောကြေငြာချက် တစ်စောင်အား ထုတ်ပြန်ခဲ့ပြီး အဆိုပါ သဘောထား ကြေငြာချက်တွင် မြန်မာ - အိန္ဒိယ ကျူးကျော်မှုများအား မြန်မာအစိုးရဘက်မှ အိန္ဒိယ အစိုးရအား သံတမန်နည်းဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်။ မဏိပူ ပြည်နယ်အစိုးရမှ မြန်မာပိုင်နယ်နိမိတ်အား အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုမှုအပေါ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ အစိုးရမှ ထိရောက်စွာ ဖြေရှင်းပေးရန်။ မြန်မာအစိုးရနှင့် နယ်စပ်တာဝန်ရှိသူများမှ တောင်းဆိုထားသော နှစ်နိုင်ငံ နယ်ခြားမျဉ်းပေါ်ရှိ အဆောက်အဦ၊ ခြံစည်းရိုး၊ ကျေးရွာများအား အမြန်ဆုံး ဖယ်ရှားပေးရန်။ ကဘော်ချိုင့်ဝှမ်းဒေသအား အိန္ဒိယ နိုင်ငံရှိ ပါတီတချို့မှ ပိုင်ဆိုင်သည်ဟု ပြောဆိုချက်များအပေါ် အပြင်းအထန် ကန့်ကွက်လိုက်ကြောင်း ဖော်ပြထားသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် အဖွဲ့အစည်းအသီးသီးမှ နယ်စပ် ကျူးကျော်သည့် ပြဿနာအား အမြန်ဆုံးဖြေရှင်းပေး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ မိမိတို့၏မြေကို တစ်လက်မမှ အပါမခံနိုင်ပါ ဟူသော ပြောဆိုချက်အား ကြိုဆိုပါ၏၊ အိန္ဒိယမြန်မာ ချစ်ကြည်ရေးအား မဖျက်စီးပါနှင့် စသော ကြွေးကျော်ချက် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဇာတိမာန် သီချင်း ရဲရတောက် သီချင်းများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။


ချစ်သူမောင်

No comments:

Post a Comment