Thursday, August 21, 2014

ဂန့်ဂေါမြို့နယ် ကျောဒေသ (၁၉)ရွာတွင် ပထမတန်းမှ ပဉ္စမတန်းအထိ ဓမ္မစကူးလ်ပညာသင်ကြားရေး ကျောင်းများ ဖွင့်လှစ်နိုင်တော့မည်


သြဂုတ်လ(၂၁)၊ဂန့်ဂေါ။

ဂန့်ဂေါမြို့နယ် ကျောဒေသ ကျောရွာတွင် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းအား ပထမအကြိမ်အဖြစ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း ဓမ္မစကူးလ် သင်ကြားရေး နည်းပြ ကိုအောင်မြင့်ထွန်းမှ ပြောသည်။

ကျောဒေသတွင် ပထမဆုံးအကြိမ် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်၍ နည်းပြကိုအောင်မြင့်ထွန်းမှ “ ကျောဒေသမှာ ဒီသင်တန်းလုပ်လိုက်တာနဲ့ ပထမတန်းကနေ ငါးတန်းအထိ ဓမ္မစကူးလ်ကျောင်းတွေ ဖွင့်လှစ်နိုင်တော့မှာပါ။ ကျောဒေသ သံဃာ့နာယက ဥက္ကဌ ရွာငယ်ဆရာတော်ကြီးရဲ့ စီမံမှုကြောင့် ဖွင့်လှစ်ပို့ချနိုင်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ကတော့ ကလေးဒေသနဲ့လည်း နီးတော့ ဗဟိုဌာနကနေ တာဝန်ပေးချက်အရ သွားရောက် သင်ကြားပေးခဲ့တာပါ။ ကလေးမြို့ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အတွင်းရေးမှူး ဆရာတော် ဦးနိသာဂရာဘိဝံသ ဆရာတော်နဲ့ အတူ သွားခဲ့တာပါ။ အခုသင်တန်းမှာက ပြီးခဲ့တဲ့ သင်တန်းတွေထက် ထူးခြားတာက လေးတန်း ငါးတန်း သင်ရိုးတွေပါ ထည့်သင်ကြားခဲ့ရတယ်။ အရင် ကလေးမှာ သင်တာကတော့ သုံးတန်းအထိပါ ”လို့ ပြောသည်။

ယခုပို့ချနိုင်ခဲ့သော သင်တန်းမှ ဂန့်ဂေါနယ် ကျောဒေသ (၁၉) ရွာ ဓမ္မစကူးလ်ကျောင်းပေါင်း (၁၉) ကျောင်းအတွက် ဆရာ/ဆရာမပေါင်း (၆၀) ဦးနှင့် အကူအားဖြည့် ဆရာမ (၄၀) ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဓမ္မစကူးသင်ရိုးအနေဖြင့် ၂၀၁၃ တွင် ပထမတန်းမ တတိယတန်းအထိသာ ရေးဆွဲနိုင်ခဲ့သော်လည်း ၂၀၁၄တွင် စတုတ္ထတန်းနှင့် ပဉ္စမတန်းအထိ ရေးဆွဲနိုင်ခဲ့ပြီဖြစ်သောကြောင့် ကျောဒေသ (၁၉) ရွာရှိ ဓမ္မစကူးလ်ကျောင်းများတွင် ပထမဦးဆုံး နှစ်တွင်ပင် ပထမတန်းမှ ပဉ္စမတန်းအထိ သင်ကြားခွင့်ရတော့မည်ဖြစ်သည်။

သင်တန်းသား အင်အား (၆၀) ထိ ပို့ချနိုင်သော ဆရာဖြစ်သင်တန်းအားလည်း ကျောဒေသတွင်ပင် ပထမဆုံး ဖွင့်လှစ်ခဲ့ပြီး ယခင်က သင်တန်း တစ်သုတ်လျှင် (၃၆) ဦးသာ ခွင့်ပြုထားခဲ့ကြောင်း သိရသည်။ ကလေးဒေသတွင်ပင် လာမည့် စက်တင်ဘာလလောက်မှသာ အင်အား(၆၀) ဦး တက်ရောက်နိုင်သော ပထမဆုံး ဆရာဖြစ်သင်တန်းဖွင့်လှစ်ပို့ချနိုင်မည်ဖြစ်သည်။

ချစ်သူမောင်


No comments:

Post a Comment