Sunday, July 20, 2014

မန္တလေးမြို့ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ စတင်ဖြစ်ပေါ်စေသည့် ဖြစ်စဉ် အများပြည်သူတို့ သတင်းအမှတ် သိရှိစေရန် သတင်းထုတ်ပြန်

(မူရင်း ကြေးမှုံနှင့် မြန်မာ့အလင်း)


မန္တလေးမှ အကြမ်းဖက်မှု စတင်ဖြစ်ပေါ်စေသည့်  “ဆန်းကဖီး”  ပိုင်ရှင်များမှ သားမယားပြုကျင့်သည့်ဟု အမှုဖွင့်တိုင်ကြားမှုမှာ  လိမ်လည် လုပ်ကြံတိုင်ကြားမှုဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြိးဌာ၏ သတင်း ထုတ်ပြန်ချက်ကို ယနေ့ထုတ် ကြေးမုံနှင့် မြန်မာအလင်း သတင်းစာများမှာ ဖော်ပြပါရှိပါတယ်။ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၈)လမ်း နှင့်(၈၂)လမ်းထောင့်ရှိ “ဆန်းကဖီး” လက်ဖက်ရည် ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခအသွင် လူအုပ်စုစတင်ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။
လူအုပ်စုချင်း ပဋိပက္ခများဆက်လက်ဖြစ်ပွားခြင်း ကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ဖျက်ဆီး ခံရပြီး တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရန် လိုအပ် လာသဖြင့် ၄-၇-၂၀၁၄ ရက်နေ့တွင် မြို့နယ် (၇)မြို့နယ်၌ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ထုတ်ပြန်၍ ထိန်းသိမ်းခဲ့သည်။
ထိုသို့ဖြစ်ပွားရခြင်းသည် နေပြည်တော် ပျဉ်းမနား မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးအား အခြားဘာသာဝင် ညီအစ်ကိုနှစ်ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်ကြောင်းသတင်းကို ဇွန် ၃၀ ရက် အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာများ၌ စတင် ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများစတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
မှုခင်းဖြစ်ရပ်မှာ ၂၈-၆-၂၀၁၄ ရက်နေ့ ည ၁၀ နာရီတွင် မန္တလေးမြို့ (၂၈)လမ်းနှင့် (၈၂) လမ်းထောင့်ရှိ “ဆန်းကဖီး” လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး(၂၅)နှစ် ဗန္ဓုလရပ်ကွက် ဘုတလင်မြို့နယ်နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင်(၄၄)နှစ် (ဘ) ဦးမောင်မောင်အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက် လေလာဝန်းအကွက်အမှတ်(၁၄၆)နေသူနှင့် ယင်း၏ အစ်ကို နေဝင်း(၄၅)နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက် ကွက်အမှတ်(၁၄၇) နေသူတို့ နှစ်ဦးက အမျိုးအစားနှင့်ယာဉ်အမှတ် မမှတ်မိသည့် အဖြူရောင်ယာဉ်ဖြင့် နေပြည်တော်တွင် လက်ဖက်ရည်ဆိုင် အသစ်ဖွင့်မည်ဖြစ် ကြောင်းနှင့် အလုပ်လုပ် ရမည်ဟု ပြောဆိုခေါ်ဆောင် ပြီး၂၉-၆-၂၀၁၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်းအုပ်စု ပျဉ်းမနား-တောင်ညိုကားလမ်း တော်ဝင်နန်း စားသောက်ဆိုင်အနီး ကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက ၄င်းအား သားမယား အဖြစ်ပြုကျင့်၍ တိမ်းရှောင်သွားကြောင်း တရားလို မစိုးစိုး၏ တိုင်ကြားချက်အရ ယင်းနေ့ည ၇ နာရီခွဲတွင် ပျဉ်းမနား မြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူခဲ့မှုဖြစ်သည်။
အဆိုပါအမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ က စစ်ဆေးခဲ့ရာ တရားလိုမစိုးစိုး၏ တိုင်ကြားချက်ပါ ယင်း၏ကိုယ်ရေး အချက်အလက်များ၊ “ဆန်းကဖီး”တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့်အခြေအနေများ၊ အတူတကွ အလုပ်လုပ်ခဲ့သည် ဆိုသော တောင်သာမြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည့် လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ အသေးစိတ်စုံစမ်းစစ်ဆေးခဲ့သည်။ စစ်ဆေးချက်များအရ ၄င်း၏အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမ (၃၀)နှစ်ဖြစ် ကြောင်း၊ အဖအမည်မှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ်ဇာတိမှာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ဖြစ်ကြောင်း၊ “ဆန်းကဖီး”တွင် အလုပ်လုပ်ကိုင်ခဲ့ ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာဆေးပညာနှင့် ဓာတုဗေဒ ဆိုင်ရာစစ်ဆေးချက်များအရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ယင်းအားအသေးစိတ် ဆက်လက်စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက်အရ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ ငွေပေး၍ခိုင်းစေမှုအရ ဆန်းမောင်နှင့် နေဝင်းတို့က ယင်း အပေါ်သားမယားအဖြစ်ပြုကျင့်ကြောင်းဖြင့် ပျဉ်းမနားရဲစခန်းတွင် လီဆယ်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သည်။
မှုခင်းဆိုင်ရာစစ်ဆေးချက်များအရ မစိုးစိုးအမည်ခံ၍ လီဆယ်တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမသည် ၂၀ဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အဘ ဦးကျော်ဆန်း- အမိ ဒေါ်မာလာတို့၏သား မင်းသူရဇော် (ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးတွင် ရင်ဆိုင်နေရစဉ် အမှုမှလွတ်မြောက်ရေးကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့အား ရင်းနှီးခဲ့ကြောင်း၊ အမှု အား ၁၀-၄-၂၀၁၄ ရက်နေ့တွင် မန္တလေးခရိုင် တရားရုံးကတရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲ တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်၏အဒေါ် ခင်မာလွင်နှင့် နီနီဌေးတို့ အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် ခင်မာလွင်၏ခင်ပွန်း ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် မင်းသူရဇော် (ခ) နိုမိုဟာမက်၏မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ် ဆဲဆိုခြိမ်းခြောက်မှုများပြုလုပ် ခဲ့ခြင်းကြောင့် မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်းကတရားလို ပြုလုပ်တိုင်ကြားသဖြင့် အမှတ်(၃)ရဲစခန်း (ပ)၁၄၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅၀၆/၃၅၃ အရ အမှုဖွင့်အရေးယူခံရကာ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။
ထိုသို့ပြန်လည် အမှုဖွင့်အရေးယူခံရမှုအပေါ် ခင်မောင်ထွေး(ခ)ကိုထွေး၊ ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် ဒေါ်မာ လာတို့က မကျေနပ်သဖြင့် မန္တလေးခရိုင်တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်အား သားမယားအဖြစ်ပြု ကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီး ၂၁-၅-ကျော်တို့အား နေအိမ်သို့ခေါ်ယူ၍ လီဆယ်တိုင်ကြားမည့် အစီအစဉ်ကို သင်ကြားပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး(ခ)ကိုထွေး၊ ဒေါ်မာလာနှင့်၎င်း၏ သမီး ဖြူမ(ခ) ဖြူဖြူဇော်၊ ဟေမာကျော်တို့သည် မော်တော် ယာဉ်ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော်အား လီဆယ်တိုင်ကြားမည့် ဖြစ်စဉ်နှင့်သက်ဆိုင်သည့် လက်ဖက်ရည်ဆိုင်၊ တည်းခိုခန်းနှင့် စတိုးဆိုင်တို့အားပြသခဲ့ကြောင်း၊ ထို့နောက် ဒေါ်မာလာ၊ ဖြူမ(ခ)ဖြူဖြူဇော်နှင့်ဟေမာကျော်တို့သည် ပြင်ဦးလွင်မြို့မရဲစခန်းသို့ သွားရောက်ပြီး ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့သင်ကြား ပေးသည့်အတိုင်း ပုလဲတည်းခိုခန်းတွင် ဦးတင်မောင်ဝင်းက ၄င်းအားသားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်းဖြင့် ဟေမာကျော်က တရားလိုပြုလုပ်၍ လီဆယ်တိုင်ကြားခဲ့ရာ ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၀၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဦးတင်မောင်ဝင်းအပေါ် အမှုဖွင့်အရေးယူ ခဲ့သည်။
ထို့ပြင် ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့သည်မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်းဆိုသူနှင့်ရင်းနှီးမှုရှိပြီး ဟာဂျီထွန်းထွန်းနှင့် “ဆန်းကဖီး”ပိုင်ရှင်ဆန်းမောင်၊ “နေကဖီး” ပိုင်ရှင် နေဝင်းတို့မှာလည်း လူမှုရေးပြဿနာများကြောင့် မှုခင်းများအပြန်အလှန်ဖြစ်ပွားမှုများ ရှိကြောင်း စစ်ဆေးသိရှိရသည်။ ဟာဂျီထွန်းထွန်းသည် ၄င်းကြက်ခြံမှ အလုပ်သမား မကေသီခိုင်(ခ)ချယ်ရီသိန်း(၂၇)နှစ်(ဘ)ဦးရဲမြင့်အား ၉-၅-၂၀၁၄ ရက်နေ့တွင်စစ်ကိုင်းမြို့တည်းခိုခန်း၌ သားမယားအဖြစ်ပြုကျင့်ကြောင်းတိုင်ကြားခံရသဖြင့် ၁၇-၅-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်း မြို့မရဲစခန်း(ပ)၂၈၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆အမှုဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှု အပေါ် ဆန်းမောင်နှင့်နေဝင်း တို့က သွေးထိုးမြှောက်ပင့်ခဲ့သည်ဟု ဟာဂျီထွန်းထွန်းက ယူဆယုံကြည်ခဲ့သည်။ ထို့နောက် ဟာဂျီထွန်းထွန်းသည် ဆန်းမောင်နှင့် နေဝင်းတို့ အပေါ် ပြစ်ဒဏ်ကြီးစွာရရှိနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ်တိုင်ကြားနိုင်ရေးအတွက် ရဲထွဋ်(ခ)သူရရဲထွဋ်ထံ အကူအညီတောင်းခံခဲ့သည်။ ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့က ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါးမှုဖြင့်ထောင် ကျပြီး ငွေကြေးလိုအပ်နေသူ ဖြူဖြူမင်း(ခ) ကတုံးမအား အသုံးချ၍ သားမယားပြုကျင့်မှုဖြင့် လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်း၌ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ် တို့သည် ဖြူဖြူမင်း(ခ)ကတုံးမအား မန္တလေးမြို့ရှိ ၄င်းတို့၏ နေအိမ်သို့ခေါ်ယူနေထိုင်စေကာ သားမယား ပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို အသေးစိတ်ဇာတ်လမ်းဆင် သင်ကြားပေးခဲ့ပြီး အောင်မြင်ပါက ဖြူဖြူမင်း(ခ)ကတုံးမ အား ငွေကျပ် ၁၀ သိန်းပေးမည်ဟု သွေးဆောင်စည်းရုံး ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ထို့နောက် ဖြူဖြူမင်း(ခ)ကတုံးမ၊ ရဲထွဋ်(ခ)သူရရဲ ထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော်(ခ)ဖြူမတို့သည် ဆန်းမောင်နှင့်နေဝင်းတို့အပေါ် သားမယားအဖြစ်ပြုကျင့်မှုဖြင့် လီဆယ် အမှုဖွင့်ရန် ၂၈-၆-၂၀၁၄ ရက်နေ့ ညပိုင်းတွင် ပျဉ်းမနားသို့ ရဲထွဋ်(ခ) သူရရဲထွဋ်၏ တိုရိုတာမတ်တူးယာဉ်ဖြင့် အမြန်လမ်းမကြီးအတိုင်း သွားရောက်ခဲ့ကြောင်း၊ ပျဉ်းမနားသို့ရောက်ရှိပြီး ရွှေတောင်တည်းခိုခန်းတွင် တည်းခိုခဲ့ကြောင်း၊သားမယားအဖြစ်ပြုကျင့်ခံရသည်ဟု လုပ်ကြံဖော်ပြမည့်နေရာနှင့် ပျဉ်းမနားမြို့၏အနေအထားကို ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့က မော်တော်ယာဉ်ဖြင့် လိုက်လံပြသခဲ့ကြောင်း၊ ၂၉-၆-၂၀၁၄ ရက်နေ့ နေ့လယ်ပိုင်း တွင်ဖြူဖြူမင်း(ခ)ကတုံးမအား ငွေကျပ် ၂၅၀ဝ၀ ပေး၍ ပျဉ်းမနားမြို့မြင်းရတနာရုပ်တုအနီးတွင်ထားခဲ့ပြီး မန္တလေးသို့ပြန်သွားခဲ့ကြောင်း သိရသည်။ ဖြူဖြူမင်း(ခ)ကတုံးမသည် ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနားရဲစခန်းသို့ သွားရောက်ကာ မစိုးစိုးအမည်ခံ၍ နေဝင်းနှင့် ဆန်းမောင်တို့က ၄င်းအားသားမယား အဖြစ်ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့သည်ကိုစစ်ဆေးပေါ်ပေါက်သည်။
ဖြူဖြူမင်း(ခ)ကတုံးမသည် ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ စည်းရုံးသင်ကြားပေးမှုအရ ဆန်းမောင်နှင့်နေဝင်းတို့က ယင်းအား သားမယားအဖြစ်ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့ရခြင်းဖြစ်သည်ကို အမှုစစ်ရဲအရာရှိထံ ဝန်ခံထွက်ဆိုခဲ့သည်။ ထို့နောက် ၉-၇-၂၀၁၄ ရက်နေ့ တွင် ပျဉ်းမနားမြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄/၃၆၄ အရ ထိုသို့လီဆယ်အမှုတိုင်ကြား ခဲ့ရသည့် ဖြစ်စဉ် အပြည့်အစုံကို ဖြူဖြူမင်း(ခ)ကတုံးမကဖြောင့်ဆိုချက်ပေးခဲ့၍ ပျဉ်းမနားမြို့နယ် တရားရုံးမှပြစ်မှုသေးအမှတ်၊ ၁၂၂/၂၀၁၄ ဖြင့်လက်ခံခဲ့သည်။ ထို့ပြင် ပျဉ်းမနားနှင့်ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ်ပြုကျင့်မှုများမှ ဟေမာကျော်၏ ဦးလေးတော်စပ်သူ ခင်မောင်ထွေး(ခ)ကိုထွေး၊ ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့်ဖိုးခွား (ခ)ပြားကြီး(ခ)တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လီဆယ် တိုင်ကြားခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၄ အရကြိုတင်ထွက်ဆိုချက်များပေးခဲ့ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးပေါ်ပေါက်ချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေ အကြံပြုချက်အရ စိုးစိုး(ခ)ကတုံးမက တိုင်ကြားခဲ့သော ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုအား ၁၇-၇-၂၀၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့်ပိတ်သိမ်းပြီး လီဆယ်တိုင်တန်းသူဖြူဖြူမင်း(ခ)ကတုံးမ(ဖမ်းမိ)နှင့် ထိုသို့လီဆယ်တိုင်တန်းရ န်ညွှန်ကြားစီစဉ်သူ နုနုမြတ်(ဖမ်းမိ)၊ ရဲထွဋ်(ခ)သူရရဲထွဋ် (တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။ အလားတူ ပြင်ဦးလွင်မြို့မရဲစခန်း(ပ) ၁၀၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကိုလည်း စစ်ဆေးပေါ်ပေါက်ချက်နှင့် ပြင်ဦးလွင်ခရိုင် ဥပဒေရုံး၏ ဥပဒေအကြံပြုချက်အရ ၁၈-၇-၂၀၁၄ ရက်နေ့တွင်လီဆယ်မှုဖြင့် ပိတ်သိမ်းခဲ့ပြီး လီဆယ်တိုင်တန်းသူ ဟေမာကျော် (တိမ်းရှောင်)နှင့်ဒေါ်မာလာ(တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ပျဉ်းမနားမြို့တွင် လီဆယ်တိုင်ကြားခဲ့သော အမှုကို အကြောင်းပြု၍ မန္တလေးမြို့၌ ၁-၇-၂၀၁၄ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခဖြစ်စဉ်များတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာလူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားစေရန်သွေးထိုးလှုံ့ဆော်မှု၊ လက်နက်မှုနှင့် ရဲအက်တို့ဖြင့် အမှုပေါင်း ၁၉ မှု အရေးယူနိုင်ခဲ့ပြီး တရားခံ ၄၉ ဦးဖမ်းဆီးရမိကာ တရားခံရှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသောအမိန့်ကို ချိုးဖောက်သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့်ပြန်လည်စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူမှုမှာ ၁၇-၇-၂၀၁၄ ရက်နေ့ထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယူခံရသူပေါင်း ၈၃၄ ဦးဖြစ်သည်။ ကျူးလွန်ခဲ့သောတရားခံများနှင့်ဆက်စပ်ပါဝင်သူများကို ဥပဒေအရ အရေးယူရန် ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး အများပြည်သူတို့ သတင်းအမှန်သိရှိစေရန်အတွက် ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန

တရားမ၀င်လက်နက်တစ်ခု၏ ပိုင်ရှင်ဟု ပြောခံခဲ့ရသော သတင်းကြောင့် ၀မ်းနည်းမိတယ်ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ် ဆို



ဇူလိုင်(၂၁)၊ကလေး။

ဒုရဲအုပ်အဆင့်ရှိ ရဲဝန်ထမ်းတစ်ဦးထံမှ ရှာဖွေတွေ့ရှိသော ပစ်စတို အမျိုးအစား လက်နက်ငယ်အား အဆိုပါ ဒုရဲအုပ်မှ ရဲစစ်ချက်တွင် လက်နက်ပိုင်ရှင်မှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ် လက်နက်ဖြစ်ကြောင်း ထွက်ဆိုမှုအား ၀န်ကြီးအနေဖြင့် များစွာ ၀မ်းနည်းခြင်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးက ၄င်းအနေဖြင့် ၀န်ကြီးတာဝန်ထမ်းဆောင်းခြင်းသည် ပြည်သူများ၏ တခဲနက်ထောက်ခံမှုနှင့် ခက်ခက်ခဲခဲ ဒီတာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ကြောင်း ဘယ်သူ ၀န်ကြီးဖြစ်စေဆိုပြီး ခန့်အပ်ခြင်းခံခဲ့ရတာ မဟုတ်ကြောင်း ယခုကဲ့သို့ ထွက်ဆိုချက်ကြောင့် ပြည်သူတွေအား ဘာဖြစ်တာလဲ ဆိုတာ သို့လောသို့လော့ ဖြစ်အောင်လုပ်တာနဲ့ တူကြောင်း တရားရုံးမှာ ထွက်ဆိုမှုမဟုတ်ပဲ ရဲထွက်ချက်တစ်ခုထဲနှင့် မီဒီယာဆီ ရောက်သွားခြင်းသည် ဘာကြောင့်ဆိုတာကို ၄င်းအနေဖြင့် လုံးဝ နားမလည်ကြောင်း ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဆက်လက်ပြီး ၀န်ကြီး က “ဒီကိစ္စဟာ ပြည်သူကို စိတ်ဆင်းရဲအောင် ဘာဖြစ်နေလဲဆိုတာ သို့လောသို့လော ဖြစ်အောင် လုပ်တာနဲ့ တူနေပါတယ်။ တရားရုံးမှာ ထွက်ဆိုတဲ့အခါ ဒီကိစ္စကို ပြောင်းလို့တောင် မရဘူးမဟုတ်လား။ ရဲမှာ ထွက်ဆိုတာက တရားရုံးမှာ အမျိုးမျိုးပြောင်းလည်းတာတွေ ရှိတယ်လေ။ ဆိုတော့ ဒီဟာကြီး အတည်မဖြစ်ဖို့လို့ ပြောလို့ရတဲ့အပိုင်းတွေ အများကြီးရှိတယ်လေ။ ဆိုတော့ ဒီဟာကြီးကို ဂျာနယ်တွေမှာ သွားဖော်ပြတာဟာ လူတစ်ဦးတစ်ယောက်ရဲ့ ကျွန်တော့်ကို အထက်လူကြီးတွေကပဲ ဖိအားပေးအောင် တမင်သက်သက် အရေးယူအောင် ဖိအားပေးတယ်လို့လဲ ကျွန်တော် စွဲယူလို့ရတယ်လေ။ကျွန်တော့်အနေနဲ့ ဒီ အဟုတ်မှန်တာကြီးကိုပြောတာ တရားရုံးအထိ တက်ပြီးရင်ဆိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ ကျွန်တော့်ဘက်က သိသိသာသာ မှားနေရင်တော့ ရှင်းရှင်းပြောရရင် ခံမှာပဲ။ ယောကျာင်္းပဲလေ” လို့ ပေါ်ပြူလာနယူးစ်သို့ပြောကြားသည်။

အဆိုပါကိစ္စအား တရားဥပဒေရေးရာ ကျွမ်းကျင်သူ တရားရုံးချုပ် လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်မှ “လိုင်စင်မရှိရင် ဘယ်သူမှ သေနတ်ကိုင်ခွင့် မရှိပါဘူး။ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး က အရင်တုန်းက ဘာလုပ်ခဲ့သလဲ။ အဲဒီ လုပ်စဉ်တုန်းက သေနတ်ကိုင်ခဲ့သလား။ ကိုင်ခဲ့ရင် အဲဒီသေနတ်ကရော လိုင်စင်ရှိလား။ အခုလဲ လိုင်စင်မဲ့ သေနတ် ကိစ္စပေါ်လာတဲ့အခါ ဘယ်လို ဆက်စပ်သလဲ။ အဲဒါတွေကို တွက်ဆပြီးမှ ဒုရဲအုပ်ကလည်း သူ့သေနတ်မဟုတ်ပါဘူးတဲ့။ ဟိုကလည်းပြောတာ သူမသိပါဘူးလို့ ပြောတယ်။ အဲဒီတော့ ဒါတွေက တရားရုံးမှာပဲ စွဲချက်တင်ပြီးမှ အဖြေမှန်ပေါ်အောင် ဖြေရှင်းရမယ့်ကိစ္စ။ အခုတော့ ပေါ်ပေါက်နေတဲ့ ကိစ္စက ဒုရဲအုပ်ရဲ့ ဖြောင့်ချက်အတိုင်းဆိုရင် ဥပဒေအတိုင်းပဲ ဆက်လုပ်ရမှာပဲ။ ဒီလိုဝန်ကြီးတွေက အမှန်တကယ် တရားမ၀င်လက်နက်ကိုင်တာကို ခွင့်ပြုလာမယ်ဆိုရင်တော့ အစိုးရ အဖွဲ့အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကလို ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နိုင်တယ်။ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ၁၉၇၆ လောက်တုန်းက ကယားပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူး စ၀်ငွေသောင်း တရားမ၀င်သေနတ် သူ့အိမ်မှာတွေ့လို့ သူ့ကို ထောင် (၁) နှစ် လောက်ချခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။ ဥပဒေအရ ဒီကိစ္စကို တရားဥပဒေပိုင်းအရ တိတိကျကျ မှန်မှန်ကန်ကန် လုပ်စေချင်ပါတယ်။ နို့မိုဆိုရင် သေနတ်ပစ်မှုတွေ ဖြစ်မှာ စိုးရိမ်ရပါတယ်” လို့ ပေါ်ပြူလာနယူးစ်သို့ သုံးသပ်ပြောကြားခဲ့သည်။

ကလေးမြို့ရှိ နိုင်ငံရေးလှုပ်ရှားသူများအဖွဲ့မှ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ မည်သူက အမှန်ဆိုသည်အား တရားဥပဒေက ဆုံးဖြတ်ချက်ချပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ပြီး ၄င်းအနေဖြင့် အဆိုပါ သေနက်မှာ ချင်းဝန်ကြီးပိုင် သေနတ် မဟုတ်ခဲ့ဘူးဆိုလျှင် အမှားထွက်ဆိုခဲ့သည့် ဒုရဲအုပ်အနေဖြင့် ပုဒ်မ တစ်ခု ထပ်တိုးမည်ဖြစ်ကြောင်း ဒေသခံ ပြည်သူများအနေဖြင့်လည်း အမှုမှန်ဖြစ်ပေါ်လာသည်အထိ စိတ်ဝင်စားစွာ နားစွန့်နေကြမည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။

ဇူလိုင်လ (၁၇)ရက်နေ့က (၈) နာရီအချိန်ခန့်က ကလေးမြို့ တာဟန်းရဲကင်းရှိ ကျဲအိုဒင်မွိုင်းနေအိမ်တွင်းသို့ ၀င်ရောက်ရှာဖွေရာ တရားမ၀င် ပစ်စတို တစ်လက်နှင့် ကျည်အတောင့် (၃၀) အား ဖမ်းဆီး ရမိခဲ့ပြီး ဒုရဲအုပ် ကျဲအိုဒင်မွိုင်းအား စစ်ဆေးခဲ့ရာ အဆိုပါ လက်နက်မှာ လွန်ခဲ့သော (၇) လခန့်က ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်မှ အပ်နှံထားခဲ့ကြောင်း ဒုရဲအုပ် ကျဲအိုဒင်မွိုင်းမှ ထွက်ဆိုထားပြီး ဒုရဲအုပ် ကျဲအိုဒင်မွိုင်းအား (ပ)၃၈၄/၂၀၁၄၊လက်နက် ၁၉(စ) ဖြင့် ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်လှသိန်းမှ တရားလိုအဖြစ် အမှုဖွင့်အရေးယူထားကြောင်း သိရပြီး သိမ်းဆည်းရမိသော ပစ်စတိုသေနတ်မှာ PZ 27251 နံပါတ်ပါ အမေရိကန်နိုင်ငံလုပ်ဖြစ်ပြီး ကျည်တောင့်များတွင် 7.65BR 11SB ဟု စာတန်းများ ပါရှိကြောင်း သိရသည်။


ချစ်သူမောင်

ဓာတ်ပုံအား လှိုင်ထွန်းမှ ကူညီသည်။

Thursday, July 17, 2014

ကျေးရွာစာကြည့်တိုက် တည်ထောင်ရန် အလှူရှင်ရှိသော်လည်း တားမြစ်မှုရှိခြင်းကြောင့် အကောင်အထည်ဖော်ရန် ခက်ခဲနေ



ဇူလိုင်(၁၈)၊ကနီမြို့။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ပကားရွာတွင် ကျေးရွာ စာကြည့်တိုက် ဖြစ်ပေါ်လာရေး စာကြည့်တိုက်ဆောက်လုပ်ရန် ခက်ခဲနေကြောင်း သိရသည်။
ကျေးရွာပိုင်စာကြည့်တိုက် ပေါ်ပေါက်လာစေရေး အတွက် အလှူရှင်မှ ဆောက်လုပ်ရေးပစ္စည်းများ ၀ယ်ယူလှူဒါန်းထားပြီး  စာအုပ်များ လှူဒါန်းရန် အတွက်လည်း အလှူရှင်မှ စီစဉ်မှုများ ပြည်စုံချိန်မှ  အဆိုပါ ပကားရွာ၏ ရွာဦးကျောင်းဆရာတော်၏ တားမြစ်မှုကြောင့် အကောင်အထည်ဖော်မှု ရပ်တန့်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စာကြည့်တိုက်အလှူရှင် ကိုထွန်းထွန်းနိုင်မှ “ စာကြည့်တိုက်ကလေး တစ်ခု ဖြစ်ပေါ်စေချင်တာ ကျွန်တော့်ဆန္ဒအမှန်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီရွာကလေးက ကျွန်တော်မွေးခဲ့တဲ့ ရွာကလေးပါ။ ကျွန်တော်တို့ရွာမှာ စာမတတ်ရင်တောင် အသိဥာဏ် အမြှော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေ ထွက်စေချင်တယ်။ အဲဒီအတွက် ကျွန်တော် တတ်နိုင်လို့ လုပ်တာမဟုတ်တဲ့ ဒီ ခြစ်ကုတ်ပြီး လှူဒါန်းမယ့် စာကြည့်တိုက်ကလေးလေ အခုတော့ အားလုံး စီမံမှု လက်လွန်ပြီးကာမှ ဆရာတော်က တားလို့ ဆက်မလုပ်ဖြစ်ပဲ ရပ်နေရတာပါ။ ဆရာတော် က တားတယ်ဆိုတာလည်း တခြားမဟုတ်ပါဘူး။ ရွာက ပြောပြချက်အရ ကျွန်တော်တို့ စာကြည့်တိုက်လေး လုပ်ဖို့ စဆွေးနွေးကြတော့ ဆရာတော်ကို ကျွန်တော်က သွားပြီး ဦးမခိုက်မိပဲ ပစ်ထားသလိုဖြစ်သွားလို့ လို့ သိရပါတယ်။ ကျွန်တော်ကတော့ ဒီစာကြည်တိုက်ကိစ္စလေးလောက်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးလောက်နဲ့ လုပ်ရင် ပြီးသွားမယ်ထင်လို့ လုပ်လိုက်မိတာပါ”လို့ ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
စာကြည့်တိုက်ထူထောင်ရန် ခက်ခဲနေသည့် ပကားကျေးရွာအနေဖြင့် အိမ်ခြေပေါင်း (၇၀) ကျော်ခန့်သာရှိပြီး မုံရွာ ကလေးဝ ချင်းတွင်းမြစ်ကမ်းနှင့် သုံးမိုင်အကွာတွင် တည်ရှိကာ ကနီမြို့နှင့် (၁၅) မိုင်ခန့် ဝေးကွာကြောင်း သိရသည်။
ကျေးရွာစာကြည့်တိုက် အကောင်အထည်ဖော်ရန် ခက်ခဲနေမှုနှင့် ပတ်သက်၍ ပကားကျေးရွာ တာဝန်ခံ ဦးကြည်က “ ကျွန်တော်တို့ ရွာဦးကျောင်းဆရာတော်က စာကြည်တိုက်ခေါင်းဆောင်ရဲ့ ဥာဉ်လေးတွေကို မကြိုက်တတ်တာနဲ့ အဲဒါလေးတွေကစပြီးတော့ ကျွန်တော်တို့ ကျေးရွာက နဂိုတုန်းက သစ်ကလေးတွေ ပျဉ်ကလေးတွေ လှူမယ့်သူကလည်း မလှူပဲ ဖြစ်သွားတဲ့အတွက် အဲဒါကြောင့်မို့ ကျွန်တော်တို့ နည်းနည်း နောက်ဆုတ်လိုက်ရတာပါလို့” ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။
ပကားကျေးရွာ စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် အလှူရှင်မှ ၂၀၁၂ ခုနှစ်ကတည်းက စတင်ကာ အနည်းငယ်စီ ခွဲကာ ပစ္စည်းများ စုဆောင်းလှူဒါန်းခဲ့ပြီး ဖတ်မှတ်လေ့လာရန် စာအုပ်များကိုလည်း ကလေးမြို့ စာပေချစ်သူများထံ အလှူခံကာ စုဆောင်ထားရှိပြီး ပစ္စည်းများ ပြည့်စုံချိန်ရောက်မှ စာကြည့်တိုက် ဆောက်လုပ်ခြင်းအား အကောင်အထည်ဖော်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
                                                                                                       
ချစ်သူမောင်

ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးသန့်စင်နှင့် တွေ့ဆုံခြင်း




မေး     -         မင်္ဂလာပါဆရာ ။ ဆရာတို့ အနေနဲ့ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးအတွက် ပြည်ထောင်စု ညီလာခံကြီး ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ဆရာပြောခဲ့တယ်နော်။ အဲဒီ ပြည်ထောင်စု ညီလာခံကြီး ဘယ်အချိန်လုပ်ဖြစ်မလဲ။ ဖြစ်ရောဖြစ်နိုင်မလား သိချင်ပါတယ်။
ဖြေ      -         အဲဒါကတော့ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေရယ် တိုင်းရင်းသား အဖွဲ့အစည်းတွေရယ် စုစည်းညီညွှတ်မှုအားပေါ်မှာ ပထမ မူတည်ပါတယ်။  ဒုတိယကတော့ လက်ရှိအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေက ဒီမိုကရေစီကူးပြောင်းရေးကို အမှန်တကယ် လိုလားသလား မလိုလားဘူးလားဆိုတဲ့ အချက်ပဲ။ ဒီမိုကရေစီကူးပြောင်းရေးကို တကယ်သွားနေတယ်ဆိုလို့ရှိရင် ပြည်ထောင်စု ညီလာခံကြီးဖြစ်လာဖို့ကို သူတို့ လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အမျိုးသားအင်အားစု အားလုံးလို့ ပြောတဲ့အတွက် ပြည်သူ့ ဒီမိုကရေစီ အင်အားစုတွေရော တိုင်းရင်းသား အင်အားစုဆိုတဲ့ နေရာမှာ တိုင်းရင်းသာ ပါတီတွေရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော ညီညွှတ်သလောက်ဖြစ်အောင် ကျွန်တော်တို့ဘက်က ပြင်ဆင်နေပြီ ကြိုးစားနေပြီ ။ ခြေလှမ်းတွေလည်း စတင်နေပြီ။ ဒါပေမယ့် လက်တွေ့ ၂၀၁၅ မတိုင်ခင် ဖြစ်မြောက်ဖို့က လက်ရှိအစိုးရ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီ ကူးပြောင်းမှုကို အမှန်တကယ်သွားဖို့ ဆန္ဒရှိတယ်ဆိုလို့ရှိရင် ပြည်ထောင်စု ညီလာခံကြီး ကျင်းပဖြစ်မှာပါ။

မေး     -         ဆရာတို့ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ကာမှ မြန်မာနိုင်ငံမှာရှိတဲ့ လွှတ်တော် ပြင်ပ ဒီမိုကရေစီနဲ့ အမျိုးသားအဖွဲ့တွေ ပိုပြီး စုစည်းမိတယ်။ အားကောင်းလာတယ်ဆိုတာ လေးကို တစ်ချက်လောက် ရှင်းအောင် ပြောပေးပါဦး။

ဖြေ      -         တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ရှစ်လေးလုံး အရေးတော်ပုံ ပြီးတုန်းက ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို တစ်တိုင်းပြည်လုံးအတိုင်းအတာက သိတယ်။ NLD ပါတီကို တစ်တိုင်းပြည်လုံး အတိုင်းအတာက သိတယ်။ အခုပွင့်လင်းလာတဲ့အ ချိန်မှာ ၂၀၁၀ နောက်ပိုင်း ၂၀၁၂ မှာ ကျွန်တော်တို့ မင်းကိုနိုင်တို့ လွတ်လာပြီးတဲ့ နောက်ပိုင်းမှာ ၈၈ မျိုးဆက် ငြိမ်းပွင့်ဆိုပြီးကာမှ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဒီမိုကရေစီ အင်အားစုတွေ ပေါ်လာတယ်။ ပြည်သူတွေ သိနေတာက ဒီ NLD နဲ့ ၈၈ ငြိမ်း/ပွင့် ကိုပဲ သိနေတယ်။ အားလုံးမှတ်မိမှာပါ။ ကိုမင်းကိုနိုင် ဟာလည်း ၈၈ အရေးတော်ပုံမှာ ဗကသ ဥက္ကဌ တစ်ယောက် ။ ၈၈ မျိုးဆက်သစ် လူငယ်တွေထဲမှာ အထက်ဗမာပြည် ဗကသ မှာ လုပ်ခဲ့တဲ့ မျိုးဆက်တွေရော နောက်ပြီး အစိုးရရဲ့ ဖိနှိပ်မှုကြောင့် တောခိုသွားတဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေတဲ့ ကျောင်းသားအင်အားစုတွေရော နောက်ပြီး လူ့ဘောင်သစ် ပါတီဆိုပြီးမှ ပါတီထောင်သွားတဲ့ ကျောင်းသားအုပ်စုတွေရော တပေါင်းတစည်းထဲ ပြန်စုစည်းမိတဲ့ ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက် ဖော်ဆောင်ရေးကော်မတီ ဆိုတာ ပေါ်ပေါက်လာတယ်။ေ နာက်ပြီးတော့ အဲဒီ ပေါ်ပေါက်လာရုံတင်မဟုတ်ပဲ အခုလက်ရှိ ကျောင်းသားတွေ ၂၀၀၇ မျိုးဆက် ကိုကျော်ကိုတို့ ၂၀၁၂/၁၃ ကျောင်းသားသမဂ္ဂတွေအားလုံး  ဒီဆုံးဖြတ်ချက်ဖော်ဆောင်ရေးကော်မတီထဲမှာ ပါဝင်ပါတယ်။ ကိုဒီငြိမ်းလင်းတို့ ကိုစည်သူမောင်တို့ အပါအ၀င်ပေါ့။ နောက်ပြီးတော့ လူငယ်မျိုးဆက်သစ်တွေ ပါဝင်လာတယ်။ အဲဒါကြောင့် ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီးတော့ လွှတ်တော်ပြင်ပ ဒီမိုကရေစီအင်အားစုတွေ စုစည်းမှုအားကောင်းလာတယ်လို့ ပြောချင်တာပါ။

မေး     -         ဆရာတို့ ရှစ်လေးလုံး သဘောထားဆုံးဖြတ်ချက်ဖော်ဆောင်ရေး ခြေလှမ်းတွေအနေနဲ့ ဘယ်လိုတွေ လှုပ်ရှားပြီးပြီလဲ ။ လက်ရှိ ဘယ်လိုပုံစံ လှုပ်ရှားနေလဲ။
လက်ရှိ ကျွန်တော်တို့ ဒီ အမျိုးသားအင်အားစုတွေနဲ့ တွေ့ဆုံရေးဆိုတဲ့ အပိုင်းတွေကိုလည်း ကျွန်တော်တို့ အတိုင်းအတာတစ်ခုထိ လုပ်နိုင်ခဲ့ပြီ နောက်ပြီ NNDP လို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားခေါင်းတွေနဲ့လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီးပြီ။ နောက်ပြီး ထိုင်းမြန်မာ နယ်စပ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့တယ်။ အဲဒီမှာရောက်နေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့တယ်။ ပြီးတော့ ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) က ဦးခွန်ထွန်းဦး ဦးအေးသာအောင် ဦးနိုင်ငွေသိန်း အဲဒီ တိုင်းရင်းသားပါတီတွေပါဝင်တဲ့ အဖွဲ့တွေ နဲ့လည်း ကျွန်တော်တို့ ကော်မတီအနေနဲ့တွေ့ဆုံနိုင်ခဲ့ပြီးပြီ။ ဇူလိုင် (၃/၄) နေ့က UNFC က ဖိတ်ကြားလို့ ဒီမိုကရေစီအင်အား (၅) ဖွဲ့တွေ့ဆုံပွဲမှာ အားလုံးပေါင်း တွေ့ဆုံဆွေးနွေးပြီးတော့မှ တူညီတဲ့ သဘောထားတွေကို ထုတ်နိုင်ခဲ့ပြီ ဒါက တစ်နိုင်ငံလုံးအတိုင်းအတာ ကော်မတီက လုပ်ဆောင်နိုင်ခဲ့တဲ့ အပိုင်းပါ။ အထက်ဗမာပြည်မှာဆိုရင်တော့ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ၊ ကယန်းပြည်သစ်ပါတီ၊ ဒီတိုင်းရင်းသားအဖွဲ့တွေနဲ့ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် သုံးခုကို ရှေ့ဆက်လက်တွဲလုပ်ဆောင်ဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဒါက ကျွန်တော်တို့ အင်အားစုတွေနဲ့တွေ့တဲ့အပိုင်းပါ။ ဒုတိယ အနေနဲ့ ပြည်သူလူထု ပါဝင်လာအောင် ရှင်းလင်းတင်ပြတဲ့အပိုင်းကတော့ အစ မန္တလေးမြို့ မုံရွာမြို့ကနေ ဒီနေ့ ကလေးမြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
မေး     -         ဆရာတို့အနေနဲ့ ဒီ ငွေရတုဆုံးဖြတ်ချက် ဖော်ဆောင်ရေးမှာ အဓိက ဘာတွေ ခက်ခဲနေသလဲ သိချင်ပါတယ်။
ဖြေ      -         လက်ရှိကြုံလာတဲ့ အခက်အခဲကဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ ဘယ်ဟာကို အဓိက ဂရုစိုက်ရသလဲဆိုတော့ ကျွန်တော်တို့ ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီဆိုတာဟာ NLD ကသွားနေတဲ့ ၂၀၀၈ ပြင်ဆင်ရေး ၄၃၆ ပြင်ဆင်ရေးဆိုတဲ့ လွှတ်တော်တွင်းနည်းလမ်းနဲ့ သွားနေတဲ့ လမ်းကြောင်းနဲ့ ဖီလာဆန့်ကျင်လားဆိုတဲ့ ပြည်သူတွေရဲ့ အထင်လွဲမှားမှု ကျွန်တော်တို့ ဖြေရှင်းရတယ်။ အဲဒီကိစ္စက ဒီ ရှစ်လေးလုံးငွေရတု အခမ်းအနားကြီးမှာလည်း NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့တယ်။ ဒါဟာ တစ်တိုင်းပြည်လုံးရဲ့ လိုအပ်ချက်ဖြစ်တယ်။ ကျွန်တော်တို့ဆုံးဖြတ်ချက် (၃) ရပ် အကောင်အထည်ဖော်ရေး လုပ်ဆောင်မှုသည် လွှတ်တော်တွင်းနည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အားကူပေးမယ့် တွန်းအားတစ်ခုအနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေတာ ဖြစ်တဲ့အကြောင်း ဒီ ဒေသအသီးသီးမှာ ရှိတဲ့ NLD ပါတီဝင်တွေရော ကျောင်းသားအဖွဲ့အစည်းတွေရော ပြည်သူတွေရောကို ကျွန်တော်တို့ ရှင်းပြပေးပါတယ်။

ဆရာတို့ လုပ်ငန်းစဉ် အောင်မြင်ပါစေဆရာ ကျေးဇူးတင်ပါတယ်။

ချစ်သူမောင် တွေ့ဆုံ မေးမြန်းသည်။

အထက်ချင်းတွင်းနှင့် ၈၈ အဖွဲ့များ နိုင်ငံရေးလှုပ်ရှားမှုတွင် လုံးဝ ပူးပေါင်းတော့မည်မဟုတ်



ဇူလိုင်(၁၆)၊ကလေး။
အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်နှင့် ရှေ့ဆက် လုပ်ဆောင်ရန် အလားအလာ လုံးဝ မရှိတော့ကြောင်း ကလေးမြို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဥက္ကဌမှ ပြောသည်။
ကလေးမြို့ ရှစ်လေးလုံးအင်အားစု နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင်လ (၁) ရက်နေ့က အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်အပေါ် ၄င်းအဖွဲ့နှင့်လုံးဝမသက်ဆိုင်တော့ကြောင်းကြောငြာချက်တစ်စောင် ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်အရ ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဆက်လက်ပြီး ၄င်းကပဲ “အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်ကို အပြတ်ထုတ်ရတယ်ဆိုတဲ့ အကြောင်းအရင်းက ကျွန်တော် အရင်နေ့တုန်းက မင်းကိုနိုင်နဲ့ စကားပြောတယ်။ ကျွန်တော် အဲဒီကိစ္စကို တင်ပြတယ်။ မင်းကိုနိုင်က ဘယ်လိုပြောလဲဆိုတော့ အသက် (၂၀) ကျော်ပြီး မိန်းမတောင်ယူပြီးပဲကွာ ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့အခါမှာ ရိုးသားမှုနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက် ခိုင်မာဖို့ အရေးကြီးတယ်တဲ့။ အခုလို စီးပွားရေးလုပ်တာပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်တာပဲ ဖြစ်ဖြစ် ဟိုဘက်လည်း ပါသလိုလို ဒီဘက်လည်း ပါသလိုလို လုပ်တဲ့သူက မရိုးသားမှုက စအခြေခံထားတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ခွဲထုတ်လိုက်တာ မှန်တယ်လို့ ပြောတယ်။ အဲလို အဖွဲ့အစည်းမျိုး နောက်လဲ ကြုံဦးမှာပဲလေ”  လို့ ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။
အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်(ကလေးမြို့) အနေဖြင့်လည်း ရှစ်လေးလုံးအင်အားစုနှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့၏ သဘောထားထုတ်ပြန်ချက်အပေါ် ဇူလိုင်လ (၂) ရက်နေ့တွင် ပြန်လည် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
၈၈ ကလေးမြို့ အဖွဲ့များနှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ဆောင်မှု ပူးပေါင်းခြင်း မပူးပေါင်းခြင်းအပေါ် အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်မှ ကိုကြည်ရအောင်ကလည်း “သူတို့နဲ့ ပူးပေါင်းခြင်း မပူးပေါင်းခြင်းထက်  နိုင်ငံရေးမှာ ကျွန်တော်တို့ကို ဆက်လက် ထောက်ခံနေတဲ့ ပြည်သူတွေရှိရင် ကျွန်တော်တို့က ရှေ့ဆက်လုပ်ဆောင်မှာပါ။ ဒါပေမယ့် ပြည်သူတွေက ဘယ်သူ့ကို ထောက်ခံတယ်။ ဘယ်သူကို မထောက်ခံဘူးဆိုတာတော့ သေချာ သိဖို့လိုအပ်တယ်”လို့ ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက် (ကလေးမြို့) သည် ၂၀၁၂ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းချိန်မှ စတင်ကာ ရှစ်လေးလုံးအင်အားစု ကလေးမြို့ အဖွဲ့နှင့် အတူ ပြည်သူအခြေပြု နိုင်ငံရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းလုပ်လာခဲ့ပြီး ၂၀၁၄ ခုနှစ် နှစ်စပိုင်းမှစတင်တာ လုပ်ဆောင်ချက်များ သဘောထား အမြင်များကွဲလွဲမှုတို့ကြောင့် ၈၈ အဖွဲ့များမှ သဘောထားထုတ်ပြန်ခဲ့ကြောင်း သဘောထားထုတ်ပြန်ချက်အရ သိရသည်။

ချစ်သူမောင်