Sunday, June 22, 2014

ကလေးခရိုင် ဆောက်လုပ်ရေး ရံပုံငွေ (၂) ရပ်ဖြင့် ဒေသတွင်း လမ်းတံတားများ ပြုပြင်တည်ဆောက်မည်

ဇွန်(၁၂)၊ကလေး။ ပြည်ထောင်စု ငွေလုံးငွေရင်းရံပုံငွေဖြင့် ကလေးနယ်တွင် တံတားကြီး (၂) စင်းအပါအ၀င် လမ်းပြင်ခြင်း မြေထိန်းကျောက်နံရံများတည်ဆောက်ခြင်း လမ်းခင်းခြင်းများ ပြုလုပ်ဆောင်ရွက်ရန် ရှိကြောင်း ကလေးခရိုင်အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းမှ ပြောသည်။ ကလေးဒေသတွင် ၂၀၁၃ စက်တင်ဘာ ရေကြီးမှုကြောင့် လမ်းတံတားများ ပျက်စီးမှုတံတားအစင်းပေါင်း (၁၁) စင်းအထိရှိခဲ့ပြီး အဆိုပါ ပျက်စီးခဲ့သည့် လမ်းတံတားများ များအားလည်း ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ကိုင်နေပြီး အသစ်ထပ်မံ တိုးချဲ့လုပ်ငန်းများလည်း စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ကလေးခရိုင် အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းမှ “ ကျွန်တော်တို့ ကလေးဒေသတွင်းမှာ ၂၀၁၄-၁၅ ဘဏ္ဍာရေးဘတ်ဂျက်နဲ့ ဂန့်ဂေါ-ကလေး လမ်းပေါ်မှာ တံတား (၂) စင်း၊ ကျီကုန်း - ကလေး ကားလမ်းပိုင်း ကတ္တရာရေပိတ်လွှာ၊ ပြင်သာဆိပ်-ကလေးတက္ကသိုလ် လမ်းပိုင်းတွေ လုပ်ဆောင်ဖို့ ရှိပါတယ်။ ဒါတွေကို အခု ဘတ်ဂျက်ကာလအတွင်းလုပ်မှာပါ” လို့ ပြောသည်။ ၂၀၁၄-၁၅ ခု ဘဏ္ဍာရေးဘတ်ဂျက်မှ ဆောက်လုပ်ရေးအတွက် ပြည်ထောင်စု ငွေလုံးငွေရင်း ရံပုံငွေ ကျပ်သန်းပေါင်း(၄၅၀)သန်းနှင့် တိုင်းဒေသကြီးအထူးပြင်ဆင်ထိန်းသိမ်းခြင်း ရံပုံငွေ ကျပ်သန်းပေါင်း (၁၃၆၈) သန်း ချပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု ငွေလုံးငွေရင်း ရံပုံငွေဖြင့် ကလေး-ဂန့်ဂေါ ကားလမ်းပေါ်ရှိ ပေ(၆၀) အရှည်ရှိ သံကူကွန်ကရစ်တံတား (၂) စင်းအား ဇင်းကလင်းရွာအနီး နှင့် ထောက်ကြန့်ရွာအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး ကျီကုန်း- ကလေး ကားလမ်းပိုင်း လမ်းအရှည် (၂) မိုင် (၁) ဖာလုံ အတွက် ကတ္တရာရေပိတ်လွှာခင်းခြင်း၊ ပြင်သာဆိပ်မှ ကလေးတက္ကသိုလ် လမ်းပေါ်ရှိ (၁၀) ပေအရှည် သံကူကွန်ကရစ်တံတားငယ် (၃) စင်း၊ ကလေးမြို့ တံတားဦး တံတား (ဥပုသ်ချောင်း) ကျောက်စီ မြေကာနံရံ (၄၅ ) ပေအရှည် ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ တိုင်းဒေသကြီး အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရံပုံငွေဖြင့် စော်ဘွားရေရှင် - ပြောင်ဘုတ် - မော်လိုက် လမ်းပိုင်း မိုင်တိုင် ၂၅/၀ မှ ၃၃/၀ အထိ (၈) မိုင်အရှည် လမ်းကတ္တရာခင်းခြင်း၊ ပြောင်ဘုတ်ချောင်း (၂) နေရာ ဖြတ်သန်းရန် ပေ(၆၀) အရှည်၊ အကျယ် (၁၈) ပေ ကျယ်ဝန်းသည့် တံတား (၂) စင်း နှင့် သံကူကွန်ကရက် ကြမ်းခင်း (ရေပြွန်) (၆) ခု ပြုလုပ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပြီး ချင်းပြည်နယ် ဖလမ်းနှင့်နတ်ချောင်း လမ်းအား ကလေးခရိုင်ပိုင် (၂)မိုင်နှင့် (၃၃၀) ပေ အရှည် ကတ္တရာလမ်းခင်းခြင်းများပါ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ချစ်သူမောင်

No comments:

Post a Comment