Saturday, January 3, 2015
ကလေးမြို့ပေါ်ရှိ ဥပဒေမဲ့ အလှူခံမှုများအား သံဃာ့စည်းကမ်းထိမ်းသိမ်းရေးမှ စစ်ဆေးအရေးယူတော့မည်
ဇန်န၀ါရီ (၃) ကလေး။
ကလေးမြို့ပေါ်ရှိ သာသနာအား ညှိုးနွမ်း အကျည်းတန်စေသော သံဃာအယောင်ဆောင်များ
ဥပဒေမဲ့ အလှူခံခြင်းများအား ယခုနှစ်မှ စတင်ကာ အဆက်မပြတ် စုံစမ်း
အရေးယူမှုများ ပြုလုပ်သွားတော့မည်ဖြစ်ကြောင်း
သံဃာ့စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ(မင်္ဂလာဥယျာဉ်
ပရိယတ္တိစာသင်တိုက်) မှ မိန့်သည်။
သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေဖြင့် ကလေးမြို့ပေါ်ရှိ ဥပဒေမဲ့
အလှူခံနေသော အဖွဲ့တစ်ဖွဲ့အား ဇန်န၀ါရီလ(၃) ရက်နေ့ကပဲ စစ်ဆေးခဲ့ပြီး
အဆိုပါ အလှူခံအဖွဲ့အား ခံဝန်လက်မှတ်ထိုးကာ ဆက်လက် အလှူခံခွင့်
ပိတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥက္ကဌ ဆရာတော်မှ ဘုန်းကြီးတို့ ဒီနှစ်မှာ စပြီး
ကလေးမြို့ပေါ်မှာရောက်လာတဲ့ သံဃာအကြည်ညိုပျက်စေမည့် အလှူခံခြင်းတွေ
နောက်ပြီး သက်ဆိုင်ရာ အကြောင်းမကြားပဲ အလှူခံတဲ့ အဖွဲ့တွေ ညအိပ်ညနေ
ဘုန်းကြီးကျောင်းတွေ မှာ မတည်းပဲ အိမ်တွေမှာတည်းတဲ့ သံဃာတွေ
စာရွက်စာတမ်းအတုနဲ့ အလှူခံတာတွေ နောက်ပြီး သက်ဆိုင်ရာက ခွင့်ပြုတဲ့
ရက်ထက် ကျော်လွန်အလှူခံတာတွေ ဈေး လမ်း စတဲ့ လူစည်ကားတဲ့နေရာတွေမှာ
ကြည်ညိုဖွယ်မဆောင်ပဲ လိုက်ပြီး တစ်ပါးစ နှစ်ပါးစ အလှူခံတာတွေ ကို လိုက်လံ
စစ်ဆေးပြီး အရေးယူသင့်တာ အရေးယူ ခွင့်လွှတ်သင့်တာ ခွင့်လွှတ်
အဖွဲ့အစည်းအားလုံးပေါင်း ဆုံးဖြတ် လုပ်ဆောင်တော့မယ် လို့ မိန့်ကြားသည်။
ဇန်န၀ါရီ (၃) ရက်နေ့က စစ်ဆေးခဲ့သော အလှူခံ အဖွဲ့မှာ ပဲခူးတိုင်းမှ
အလှူခံအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၄င်းတို့ ခွင့်ပြုချက်ရသော နေ့မှာ
ပြီးခဲ့သည့် ဒီဇင်ဘာလကဖြစ်ကြောင်း ယခု နှစ်ကူးသည်အထိ အလှူခံနေသဖြင့်
သွားရောက်စစ်ဆေးရာ လက်မှတ် မိတ္တူများသာ တွေ့ရှိရသဖြင့် အလှူခံခွင့်
ချက်ခြင်းပိတ်သိမ်း အရေးယူခဲ့ကြောင်း သိရသည်။
ကလေးမြို့ရှိ သံဃာ့စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အား ပြီးခဲ့သည့် ၂၀၁၄
ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ကလေးမြို့နယ်လုံးဆိုင်ရာ ရတနာဘုံရွှေဘုံသာ
ဘုရားကြီးတွင် သံဃာစုံညီ သဘောတူ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်
ဖုန်းနံပါတ်များကိုလည်း သက်ဆိုင်ရာ ရပ်ကွက် ကလေးမြို့ ရပ်ကွက် (၁၉)
ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ ဝေငှ ထားကြောင်း အဖွဲ့အစည်းအား သာသနာတော်
ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့
အစည်းအဝေးမှတ်တမ်းများအရ သိရသည်။
မင်းရဲစစ်နိုင်
No comments:
Post a Comment