Sunday, January 4, 2015
ကလေးမြို့ အထက(၃)ဓမ္မစကူးလ်ဌာနကလေးငယ်များအား လေ့လာရေးအနှစ်သာရသိစေရန် လေ့လာရေးခရီးထွက်
ဇန်န၀ါရီ(၄) ကလေး။
ကလေးမြို့ရှိ ဓမ္မစကူးလ် သင်တန်း အထက(၃) စိန်မေရီကျောင်း ဌာနမှ
ကလေးငယ်များအား ဦးဆောင်ဆရာတော်နှင့် ဓမ္မစကူးလ်ကော်မတီတို့ ပူးပေါင်းကာ
ဇန်န၀ါရီလ (၄) ရက်နေ့တွင် လေ့လာရေးခရီး ထွက်စေခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာရေးခရီးစဉ်အဖြစ် ကလေးငယ်များအား ကလေးဒေသအနီး
ကံကြီး(ကံသာယာ)ကျေးရွာအနီးရှိ မြသိန်းတန် သမိုင်းဝင်စေတီနှင့် ၂၀၁၆ တွင်
စတင် လျှပ်စစ်ထုတ်လွှတ်နိုင်တော့မည်ဖြစ်သည့် ရာဇဂြိုဟ် ရေလှောင်တမံ
စီမံကိန်းများသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော်
ဦးဝိသဒ(သာသနာ့ဓဇဓမ္မာစရိယ) မှ မိန့်သည်။
လေ့လာရေးခရီး ထွက်ရခြင်းနှင့် ပတ်သက်၍ ဦးဆောင် ဆရာတော်မှ ဦးဇင်းတို့
ဒီလို ကလေးတွေကို လေ့လာရေးထွက်ခိုင်းတာ နှစ်ကြိမ်ရှိပါပြီ။ ဒီနှစ်
မြသိန်းတန်စေတီနဲ့ ရာဇဂြိုဟ်ဆည်ကို ပို့ပေးမှာပါ။ အခုလို
လေ့လာရေးခရီးထွက်တာဟာ နားလည်ရင် နားလည်သလောက် ကလေးတွေအတွက်
အကျိုးရှိပါတယ်။ ဦးဇင်းတို့အနေနဲ့ ကလေးတွေကို တောထဲမှာရှိတဲ့
သမိုင်းဝင်စေတီကိုခေါ်မယ်။ တောထဲရောက်ရင် တောတောင်သဘာဝ အေးချမ်းမှုတွေ
လေကောင်းလေသန့်တွေအကြောင်း ပြောမယ်။ တောတောင်တို့ရဲ့ သဘာဝ တန်ဘိုးတွေကို
ကလေးတွေ နားလည်အောင် လက်တွေ့ရှင်းပြမယ်။ ကလေးတွေကို တောတွေတောင်တွေ
မဖျက်စီးအောင် သမိုင်းအမွေအနှစ်တွေရဲ့ တန်ဘိုးနားလည်အောင် ရှင်းပြမယ်။
တချို့ လေ့လာရေး ခရီးဆိုပြီး အမည်ခံထွက်တာတွေ များနေတယ်။ စုရုံးအော်ဟစ်
သွားကြတယ်။ တောထဲရောက် ထမင်းစား၊ ဂိမ်းကစား၊ ဓာတ်ပုံရိုက်နဲ့
ပြီးသာသွားတယ် အနှစ် သာရက ဘာမှ မကျန်ဘူးလေ။ အဲလို အဖြစ်အောင်
ဦးဇင်းတို့ ကလေးတွေကို ဂရုစိုက်ပြီး လေ့လာရေး ခရီးထွက်ခြင်းရဲ့ အနှစ်သာရ
ဘာလဲဆိုတာကိုပါ သိစေမြင်စေအောင် ပြချင်လို့ အခုလို လေ့လာရေး
ခရီးထွက်တာဖြစ်တယ် လို့ ဆက်လက် မိန့်သည်။
လေ့လာရေးခရီးတွင် ဓမ္မစကူးလ် ကလေးငယ်ပေါင်း ပထမတန်းမှ သတ္တမတန်းအထိ (၁၃၅)
ဦးပါဝင် ခရီးထွက်ခဲ့ကြပြီး ကလေးမြို့တွင် ဗုဒ္ဒဘာသာ ဓမ္မစကူးလ်
သင်ကြားရေးအနေဖြင့် (၂) နှစ်ကြာ ကာလသာ ရှိနေသေးပြီး ဓမ္မစကူးလ်ဌာနပေါင်း
(၁၁၀) ကျော် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
မင်းရဲစစ်နိုင်
No comments:
Post a Comment