Thursday, April 10, 2014

ချင်းတိုင်းရင်းသား (၅၃) မျိုးစာရင်းထဲ မပါဝင်သည့် တိုင်းရင်းသားအချို့ သန်းခေါင်စာရင်းကောက်ယူမှုအား စိုးရိမ်

ဧပြီ ၊ ၃ ၊ ရန်ကုန်။ ချင်းတိုင်းရင်းသားဟု အများစုက လက်ခံထားသော ချင်းတိုင်းရင်းသားမျိုးနွယ်အချို့ နိုင်ငံတော် အစိုးရက သတ်မှတ်လိုက်သော ချင်းတိုင်းရင်းသား (၅၃) မျိုးစာရင်းတွင် အမည် မပါဝင်သောကြောင့် သန်းခေါင်စာရင်း လူမျိုးစာရင်းဖြည့်သွင်းရာတွင် စိုးရိမ်မှုတွေ ရှိနေကြောင်း သိရသည်။ ၁၉၈၂ခုနှစ်နှင့် ၁၉၈၃ခုနှစ် သန်းခေါင်စာရင်းပါ လူမျိုးစာရင်းအား အခြေခံထားသည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစာရင်းတွင် ချင်းတိုင်းရင်းသား လူမျိုး (၅၃) မျိုးဟု လွဲမှားစွာ ပါရှိနေကြောင်း ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးနိုထန်ကပ်မှ ပြောသည်။ အစိုးရ၏ သန်းခေါင်စာရင်း ကောက်ခံမှု ချင်းတိုင်းရင်းသား စာရင်းတွင် အမှန်တကယ် တိုင်းရင်းသား လူမျိုးစု အမည်များ မဟုတ်သော ကျေးရွာ ဒေသမြို့အမည်များ ချင်းတိုင်းရင်းသားများ၏ အမည်ရှေ့တွင် ထည့်သွင်းသည့် အမည်များ အမည်ထပ်နေခြင်းများကြောင့် တိုင်းရင်းသားစာရင်းများ များပြားကာ အမှန်တကယ် ရှိနေသော တိုင်းရင်းသာ (၇) မျိုးခန့်တွင် ပါဝင်သော ကွပ်ကီးနှင့် ဇိုမီး ဆိုသည့် လူမျိုးတချို့လည်း အစိုးရသတ်မှတ်ချက် တိုင်းရင်းသား (၅၃)မျိုးစာရင်းတွင် ပါဝင်ခြင်းမရှိပဲ ကျန်နေကြောင်း သိရသည်။ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်မှ “ဒီလို လူမျိုးစုတွေ ခွဲတဲ့အခါမှာလည်း တိုင်းရင်းသားတွေကို ဘယ်သူ့မှ မခေါ်ဘူး။ မတိုင်ပင်ဘူး။ အချိန်လုံလုံလောက်လောက် တိုင်ပင်လို့ရတဲ့ အချိန် (၃) နှစ်ကြီးတောင်ရှိခဲ့တယ်။ အဲဒီလို မတိုင်ပင်တော့ အချို့ တိုင်းရင်းသားဖြစ်ရဲ့သားနဲ့ လူမျိုးစာရင်း(၅၃)မျိုးထဲ ပါတဲ့ ကွပ်ကီး၊ထာဒို တို့ဆိုရင် သန်းခေါင်စာရင်းမှာ သူတို့လူမျိုးထည့်ရင် နိုင်ငံခြား ပြန်ပို့ခံရမှာလိုလို။ အခြားထည့်ကုဒ်ထည့်ပြန်ရင်လည်း တိုင်းရင်းသားမဖြစ်တော့မှာလိုလို စိုးရိမ်စရာတွေ ဖြစ်လာတယ်”လို့ ပြောသည်။ ချင်းတိုင်းရင်းသား ပါတီများအနေဖြင့် ၂၀၁၄ ခုနှစ် တစ်နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန် အစိုးရ၏ ချင်းတိုင်းရင်းသား (၅၃) မျိုးဟု သတ်မှတ်လိုက်ခြင်းအပေါ် လုံးဝ လက်မခံနိုင်ကြောင်း သိရပြီး အမှန်တကယ်အားဖြင့် ချင်းတိုင်းရင်းသား မှာ အလွန်ဆုံး (၇) မျိုးမကျော်နိုင်ဟုလည်း လက်ခံထားကြကြောင်း သိရသည်။ Zomi Congress for Democracy ( ZCD ) ပါတီမှလည်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ဂါလီလဲ ဘုရာကျောင်းတွင်း ဇိုမီးလူမျိုးဟု (၉၁၄) ဆိုသော အခြားကုဒ်တွင် ထည့်ကြရန် ဇိုမီးလူမျိုးအား ညီလာခံတစ်ရပ်ကျင်းပကာ ဆန္ဒခံယူခဲ့သည်။ တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် ၄င်းတို့၏ စိုးရိမ်ပူပန်နေမှုများကြောင့် ၂၀၁၄ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ သဘောထားကြေငြာချက်များအား ကချင်၊ကယန်း၊ကရင်၊ချင်း၊မွန်၊တအန်း/ပလောင်၊ရခိုင်၊ရှမ်း၊နာဂ တိုင်းရင်းသားများအဖွဲ့အစည်းအသီးသီးမှ သန်းခေါင်စာရင်းမကောက်မီတွင် ထုတ်ပြန်ကြေညာခဲ့ကြသည်။ ချစ်သူမောင်

No comments:

Post a Comment