Thursday, April 10, 2014
တောင်ဥက္ကလာပ မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် စာရင်းကောက်/စစ်များအား မှန် မြန် တိကျ ဆုပေးမည်
ဧပြီ၊၉၊ရန်ကုန်။
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်းတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာမများနှင့် စာရင်းကောက်များအား သန်းခေါင်စာရင်းအပြီး သန်းခေါင်ရင်း ကောက်ယူ စစ်ဆေးမှု မှန်/မြန်/တိကျ ဆုများ ရွေးချယ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူ ဆရာမများအား လုပ်ငန်းတွင် စိတ်ဝင်တစား တက်ကြွစွာ ပါဝင်နိုင်ရေးနှင့် ပျော်ရွှင်စွာ ပါဝင်နိုင်ရေးအား ဦးတည်ကာ စာရင်းကောက်နှင့် စာရင်းစစ်တွေအားလုံးထဲမှ အတော်ဆုံး အမြန်ဆုံး အမှန်ဆုံး ကို ရွေးချယ်ပြီး ဆုပေးဖို့ တောင်ဥက္ကလာပမြို့နယ် သန်းခေါင်စာရင်းကော်မတီ အနေဖြင့် စီစဉ်ထားကြောင်းတောင်ဥက္ကလာပမြို့နယ် လ၀ကရုံးမှလက်ထောက်မြို့နယ်မှူးဦးမြင့်စိုးကပြောသည်။
ဦးမြင့်စိုးက “ ငါလုပ်တဲ့အခါမှာ ငါ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်သွားမယ်။ ပြီးတော့ ငါလုပ်တဲ့ အလုပ်ကလေးကိုလည်း အလေးထားမယ်။ သူတို့ကို သူတို့လည်း ဂုဏ်ယူရအောင်ဆိုပြီး ကြုံတောင့် ကြုံခဲ သန်းခေါင်စာရင်းကာလလေးမှာ အမှတ်တရ ဖြစ်သွားအောင်ဆိုပြီး ကျွန်တော် ဖန်တီးပေးလိုက်တာပါ“ လို့ ဆက်လက် ပြောသည်။
အစီအစဉ်အား မြို့နယ်အုပ်ချုပ်ရေးမှူးမှ စီစဉ်ပေးခဲ့ပြီး သန်းကောင်းစာရင်းကောက်ယူသည့် ဆရာမများအတွက် လုပ်ငန်းတစ်ခုအား ပြိုင်ဆိုင်မှုလေးများ ထည့်သွင်းကာ တက်ကြွစွာ ဆောင်ရွက်နိုင်ရေးအား ဦးတည်ကာ စီစဉ်ပေးခဲ့ကြောင်းလည်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ကွက် အမှတ် (၇) တွင် စာရင်းကောက်သူ ဆရာမ ဒေါ်ခင်ငြိမ်းအေးကတော့”ကျွန်မတို့အနေနဲ့ ပြောသံတော့ ကြားတယ်။ ဒါပေမယ့် အတိအကျတော့ မသိဘူး။ ဒါပေမယ့် ဒီလို ဆုမပေးလည်း ကျွန်မတို့အနေနဲ့ တိကျ မှန်ကန် မြန်ဆန်အောင် လို့ ဂရုစိုက် လုပ်ကိုင်ပါတယ်။ အဲဒီလို ဆုလေး ဘာလေး လုပ်ပေးရင်တော့ ကောင်းတာပေါ့။ ကျွန်မတို့လည်း အမှတ်တရ အနေနဲ့ ပျော်ရတာပေါ့” ပြောသည်။
တောင်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် စာရင်းကောက် နှင့် စာရင်းစစ် ဆရာမပေါင်း (၃၃၁)ဦး ရှိပြီး၊ တိကျ မှန်ကန် မြန်ဆန် ဆုအား သင်္ကြန်ကာလအပြီးတွင် ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ချစ်သူမောင်
No comments:
Post a Comment